မန္တလေး နိုဝင်ဘာ ၈
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီခွဲက မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ၊ အောင်မြေသာစံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး (တိုင်းဒေသကြီးလွှတ်တော်ရုံးဟောင်း)တွင် ကျင်းပသည်။
ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေက အမှာစကားပြောကြားပြီး တိုင်းအုပ်ချုပ်ရေးမှူး(ငြိမ်း)ဦးစိန်သင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးခင်မောင်ဇော်တို့က ဩဝါဒစကားပြောကြားကြသည်။ အစီအစဉ်အရ ထူးချွန်ဝန်ထမ်းများအား ဂုဏ်ပြုဆုများချီးမြင့်ပေးပြီး ဧည့်သည်တော်များအား အမှတ်တရလက်ဆောင်များပေးအပ်ကာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအား ဗလာမပါကံစမ်းမဲဖေါက်၍ အမှတ်တရလက်ဆောင်များပေးအပ်ကြသည်။
အခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အငြိမ်းစားအရာရှိများ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဒေါက်တာအောင်ဆွေ၊ မိသားစုစည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်အုန်းမြ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့်ဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။
မြင့်မော်ထွန်း