ထန်းတပင်(ရန်ကုန်) နိုဝင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ မြသိန်းတန်ဘုရားကြီး ကျောင်းတိုက်တွင် ကိန်းဝပ်စံပယ်တော်မူသော မြသိန်းတန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ရဟန္တာအရှင်မြတ်တို့ မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီကြွချီအပူဇော်ခံယူပွဲကို နှစ်စဉ်နှစ်တိုင်း တန်ဆောင်းမုန်းလဆန်း (၁၄)ရက်နေ့မှ တန်ဆောင်မုန်း လပြည့်ကျော် (၁)ရက်နေ့အထိ ကျင်းပရာ ယခုနှစ် (၁၅၉)ကြိမ်မြောက်တွင်လည်း စည်ကားစွာ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထန်းတပင်မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီကြွချီအပူဇော်ခံယူပွဲကို နိုဝင်ဘာလ(၆) ရက်တန်ဆောင် မုန်းလဆန်း(၁၄)ရက်နေမှ စတင်ကျင်းပပြုလုပ်ခဲ့ပြီး နိုဝင်ဘာလ (၈)ရက်နေ့(တန်ဆောင်မုန်းလပြည့်ကျော် (၁)ရက်နေ့) ဒေသစာရီကြွချီအပူဇော်ခံရာ လမ်းတစ်လျှောက်တွင် သက်ဆိုင်ရာရပ်ကွက်များအလိုက် ကိန်းဝပ် စံပ္ပာယ်တော်မူရန်ယာယီမဏ္ဍပ်ဆောင်များတွင် ရပ်ကွက်နေပြည်သူများမှ ဆီမီး၊ ပန်း၊ ရေချမ်း၊ အမွှေးနံသာ များထွန်းညှိပူဇော်ခြင်း၊ သစ်သီများနှင့်လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းလျက်ရှိပြီး စေတနာရှင်အလှူရှင်များက ကုသိုလ်ဒါနအဖြစ် အချိုရည်များ၊ မုန့်များ၊ စတုဒိသာအဟာရကျွေးမွေးလှူဒါန်းခြင်းများရှိသလို ဂေါပကအဖွဲ့ဝင်များ၊ လူငယ်အဖွဲ့ဝင်များ၊ ယောဂီအဖွဲ့ဝင်များကလိုက်ပါ ကုသိုလ်ယူဆောင်ရွက်ခြင်းများဖြင့် တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း စည်ကားစွာ ကျင်းပပြုလုပ်ရှိကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)