ပျော်ဘွယ်မြို့နယ်ရုံး (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

ပျော်ဘွယ် နိုဝင်ဘာ ၈

ပျော်ဘွယ်မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သို့ စာပေလာရောက်ဖတ်ရှုနေသော စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများစုပေါင်း၍ စာရေးဆရာအောင်သင်း ရေးသားသည့် ကျောင်းသားလူငယ်တွေဆိုသည့် စာအုပ်အား စာဖတ်ဝိုင်းကျင်းပခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်ဝင်းဝင်းအေးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများက စာရေးဆရာအောင်သင်း ရေးသားသည့် ကျောင်းသားလူငယ်တွေ စာအုပ်ပါအကြောင်းအရာများကိုဖတ်ရှုကာ မိမိတို့၏အတွေးအမြင်များကို အပြန်အလှန်ဆွေးနွေးကြသည်။

စာပေဝါသနာရှင် ကျောင်းသားများနှင့် ကျောင်းသူများက ယခုစာအုပ်တွင် ခေတ်စနစ်အလိုက်ပြောင်းလဲလာသည့် ပညာရေးစနစ်ကိုတွေ့မြင်ရပါကြောင်း၊ ပြောင်းလဲလာသည့်စနစ်နဲ့အညီ ကျောင်းသားလူငယ်တွေအနေဖြင့် လိုက်လျောညီထွေစွာသင်ကြားနိုင်ရန်လိုအပ်နေကြောင်း၊ အဓိကအကြောင်းအရာမှာ လူငယ်များသည် စဉ်းစားတွေးခေါ်မှုအားနည်းနေသည်ကို တွေ့မြင်ရပါကြောင်း၊ ကျက်မှတ်ခြင်းမှတစ်ဆင့် စဉ်းစားတွေးခေါ်သည့်အရာကို ပြောင်းလဲနိုင်ရန်လိုအပ်ပါကြောင်း စသည်တို့ကိုရေးသားဖော်ပြထားသည့်အတွက် လူငယ်ကျောင်းသားများအနေဖြင့် အတုယူရမည့်စာအုပ်ကြောင်းဖြစ်ကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး