တောင်ဥက္ကလာပမြို့နယ် မြတ်ရတနာဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်းများ ပြုလုပ်

တောင်ဥက္ကလာပ   နိုဝင်ဘာ   ၈

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျန်းမာရေးစစ်ဆေးပေးခြင်းများနှင့် ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀:၀၀) နာရီအချိန်မှစ၍ အမှတ်(၁၅)ရပ်ကွက်ရှိ မြတ်ရတနာဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးဆောင်ရွက်ခြင်းများအား ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဟောပြောပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံဆရာဝန်ဒေါက်တာအေးငြိမ်းစိုးနှင့် ဆရာမများက အစာအုပ်စု(၃)ခုကို စုံလင်မျှတစွာ အဟာရဖြစ်အောင်စားသောက်ရန်၊ တစ်ကိုယ်ရည်သန့်ရှင်းမှုအထူးဂရုပြုရန်၊ သွားနှင့် သွားဖုံးကျန်းမာရေးအတွက် စနစ်တကျသွားတိုက်ရန်၊ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခြင်းမှ ကင်းဝေးစေရေးဂရုပြုရန်နှင့် ခြင်မပေါက်ဖွားစေရေး နည်းလမ်းများကို  ဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းမှ ဆရာ/ဆရာမများနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံဆရာဝန်များပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ တစ်ဦးခြင်းစီတို့ကို တစ်ကိုယ်ရည်သန့်ရှင်းမှုစစ်ဆေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် သွားနှင့်ခံတွင်းကျန်းမာရေး စစ်ဆေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ထက်ထက်(ပြန်/ဆက်)