ပူတာအိုမြို့၌ ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ပူတာအို နိုဝင်ဘာ ၈

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ ကျောင်းလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုအရည်အသွေး မြင့်မားလာစေရန်အတွက် ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်(၉)နာရီက ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဦး၀င်းဆွေက ကျောင်းအုပ်ကြီးများအနေဖြင့် လုပ်ငန်းဆောင်တာ များ ဆောင်ရွက်ရာတွင် အထက်နှင့် အောက်ခွဲခြားဆက်ဆံမှုမပြုလုပ်ရန် လိုအပ်ကြောင်း၊ လုပ်ငန်း တာဝန်များကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကျောင်း၏ ပညာရည် တိုးတက်မြင့်မားရေးအတွက် အဓိကဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကျောင်းဝင်းသာယာလှပရေးနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးကို မိမိတတ်စွမ်းသမျှ လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ကြောင်းအမှာ စကားပြောကြားသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးတွင် မြို့နယ်ပညာရေးမှူး ဦးဝင်းဆွေက ကျောင်းအုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှု လုပ်ငန်းဆိုင်ရာတာဝန်များကို ပရိုဂျက်တာပြသကာ ဦးဆောင်ဆွေးနွေးသွားမည်ဖြစ်ပြီး သင်တန်းသို့ ပူတာအိုမြို့ နယ်အတွင်းရှိ ထက်၊ လယ်၊ မူ ကျောင်းအုပ်များနှင့် မြို့နယ်ပညာရေးမှူးရုံးအဖွဲ့မှ စုစုပေါင်း (၈၅)ဦးတို့က နို၀င်ဘာ(၈)ရက်မှ (၉)ရက်နေ့အထိ နှစ်ရက်တာဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)