မြစ်ကြီးနား နိုဝင်ဘာ ၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မြန်မာ့ရိုးရာအစဉ်အလာမပျက် တန်ဆောင်တိုင်ပွဲတော်ကို ကျင်းပ ပြုလုပ်လျက်ရှိရာ ယမန်နေ့ ညနေ ၅ နာရီခွဲတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့က ကြီးမှူး၍ တန်ဆောင်တိုင်ပွဲတော် ရှင်ဥပဂုတ္တမထေရ်ဖောင်တော်နှင့် အတူ ဧရာဝတီမြစ်အတွင်းသို့ ဆီမီး ၁၅၀၀၀ ရေမျှောပူဇော်ပွဲတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ တန်ဆောင်တိုင်ပွဲတော် ရှင်ဥပဂုတ္တမထေရ်မြတ်ကြီး ဖောင်တော်နှင့် ဆီမီး ၁၅၀၀၀ ရေမျှော ပူဇော်ပွဲကို မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ သမိုင်းဝင်လောကမာန်အောင် ဆုတောင်းပြည့် စေတီတော် အနီး ဧရာဝတီမြစ်ဆိပ်၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့ များနှင့် ဒေသခံများက ရိုးရာအစဉ်အလာနှင့် အညီ ကျင်းပပြုလုပ်ခဲ့ကြပြီး ရှင်ဥပဂုတ္တမထေရ်မြတ်ကြီး ဖောင်တော်ရေမျှောခြင်းနှင့် ဆီမီး ၁၅၀၀၀ ရေမျှောပူဇော်ခဲ့ကြသည်။
ထို့သို့ ရှင်ဥပဂုတ္တဖောင်တော်ရေမျှော-ပူဇော်ခြင်းကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာ တာဝန်ရှိသူများက ကမ်းနားလမ်းနှင့် ရုံးကြီးလမ်းထောင့်ရှိ ဧရာဝတီမြစ်ဆိပ်၌ ဆီမီးများ ရေမျှောပူဇော်ပြီး မီးပုံးပျံများကို လွှတ်တင်ပေးခဲ့ကြသည်။ အလားတူ ဧရာဝတီမြစ်ကမ်းနှစ်ဖက်မှ မီးပုံးပျံများ လွှတ်တင်ခဲ့ ကြသည်။
ထို့နောက် ဧရာဝတီမြစ်ဆိပ် ဆီမီးရေမျှောပူဇော်ပွဲ၌ တိုင်းရင်းသားရိုးရာအကအလှများ၊ ဒိုးပတ်အက အဖွဲ့များဖြင့် ကပြဖျော်ဖြေခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ ကြပြီး ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။
မြစ်ကြီးနားမြို့၌ တန်ဆောင်တိုင်ပွဲတော် ညပိုင်းတွင် ဘုရား၊ စေတီပုထိုးများနှင့် အပန်းဖြေ ပန်းခြံများ တွင် ကုသိုလ်ကောင်းမှုပြုသူများ၊ လာရောက်လည်ပတ်သူများဖြင့် အထူးစည်ကားများ ပြားလျက်ရှိပြီး လာရောက်လည်ပတ်သူများအား ဌာနဆိုင်ရာများနှင့် အရပ်ဘက်လူမှုရေး အသင်းအဖွဲ့များက စတုဒိသာ ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)