ပင်းတယမြို့၌ တန်​ဆောင်မုန်းလပြည့်ညတွင် ကုသိုလ်ပြုလုပ်သူများဖြင့် စည်ကား

ပင်းတယ နိုဝင်ဘာ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် တန်ဆောင်မုန်းလပြည့်ညက  ရှေးဟောင်းသမိုင်းဝင်ဘုရားစေတီများ၌ အလှူအဒါန်းပြုလုပ်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၏ ဦးဆောင်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ပင်းတယမြို့နယ်ဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် ဘုရားဖူးဧည့်သည်များအား ကြာဇံဟင်းခါး၊ ကောက်ညှင်းပေါင်း၊ အကြော်၊ ပဲလုံးဆေးခါး အစရှိသည့် စတုဒီသာအလှူများဖြင့် ကျွေးမွေးဧည့်ခံကြပြီး ဒေသခံပြည်သူများနှင့် ဘုရားဖူးဧည့်သည်များက အဆိုပါဓမ္မာရုံရှိ “ဆုတောင်းပြည့်ဘုရားကြီး”၌ ဗုဒ္ဓပူဇနိယ ဆီမီးကပ်လှူပူဇော်ကြသည်။

ထို့အပြင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအသီးသီး၌ စေတနာရှင်အလှူရှင်များစုပေါင်း၍ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအသီးသီး၌ စတုဒီသာအလှူများ ကျွေးမွေးဧည့်ခံခြင်း၊ ဘုရားစေတီပုထိုးများ၌ ဆီမီးများကပ်လှူပူဇော်ခြင်းနှင့်ပံ့သကူအလှူများ လှူဒါန်းခြင်းတို့ကို အေးချမ်းပျော်ရွှင်စွာဖြင့် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ပင်းတယ(ပြန်/ဆက်)