တန့်ယန်း နိုဝင်ဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင် တန့်ယန်းမြို့နယ်တွင် (၃၅)ကြိမ်မြောက် မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပွဲတော် ကထိန်လျာသင်္ကန်းနှင့် လှူဒါန်းဖွယ်ရာများ ဆက်ကပ်လှူဒါန်းပွဲအခမ်းနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီး၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ကိုင်းကုန်းပရယတ္တိ စာသင်တိုက်ဦးစီးပဌာနဆရာတော် ဘဒ္ဒန္တကုသလ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)ထံမှ ဧည့်ပရိတ်သတ်များ၊ အလှူရှင်များက ငါးပါးသီလဆောက်တည်ကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အသင်းအဖွဲ့တို့မှ တာဝန်ရှိသူများ၊ အလှူရှင်များက မိမိတို့လှူဒါန်းထားရှိသော ကထိန်လျာသင်္ကန်းနှင့် ပဒေသာပင်များကို ဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှအတမ်းပေးဝေပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို အောင်မြင်ပြီးမြောက်စေခဲ့သည်။
(၃၅)ကြိမ်မြောက် မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကြီးတွင် စုစုပေါင်းငွေကျပ်တန်ဖိုး (၄၂၃၁၆၀၀၀)ရှိ ကထိန်လျာသင်္ကန်းနှင့် လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)