အသက်မွေးဝမ်းကျောင်း အထောက်အကူပြု “သီးနှံအခြေခံ ယိုအမျိုးမျိုးနှင့်ဖျော်ရည်ဝိုင်ထုတ်လုပ်မှု “နည်းပညာသင်တန်းဖွင့်လှစ်

ကျိုက်မရော နိုဝင်ဘာ ၈

မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးလက်နေအမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်နှင့် တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေရရှိစေရန် ရည်ရွယ်၍ မွန်ပြည်နယ် သမဝါယမနှင့်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျိုက်မရောမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာတို့မှ ဦးဆောင်ကျင်းပသော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု “သီးနှံအခြေခံယိုအမျိုးမျိုးနှင့် ဖျော်ရည်ဝိုင်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြကုန်းကျေးရွာဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာမွန်ပြည်နယ်၊ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်နိုင်က သင်တန်းဖွင့်လှစ်ပေးရခြင်း၏ အဓိကရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး မွန်ပြည်နယ် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါ်အိကလျာနိုင်က သင်တန်းတွင် ယိုအမျိုးမျိုးနှင့် ဖျော်ရည်ဝိုင် ထုတ်လုပ်မှုနည်းပညာများကို စနစ်တကျ သင်ကြားပေးသွားမည်ဖြစ်ရာ သင်တန်းသူများအနေဖြင့် ကောင်းစွာလေ့လာ သင်ယူတတ်ဖို့ လိုကြောင်းနှင့် သင်တန်းအပြီးတွင် မိသားစု တစ်ပိုင်တစ်နိုင် ထုတ်လုပ်ပြီး စီးပွားဖြစ် ရောင်းချနိုင်ရန်အတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းတွင် သင်ကြားပြသပေးမည့် နည်းပြဆရာမများက သင်တန်းတွင် ထုတ်လုပ်သင်ကြားပေးမည့် အခြေခံပစ္စည်းများနှင့် မိတ်ဆက်ပေးပြီး ပထမနေ့ဘာသာရပ်တွင် ကျောက်ဖရုံယိုထိုးနည်းကို လက်တွေ့သင်ကြားပြသခဲ့သည်။

အဆိုပါ “သီးနှံအခြေခံယိုအမျိုးမျိုးနှင့် ဖျော်ရည်ဝိုင်ထုတ်လုပ်မှု နည်းပညာသင်တန်းကို နိုဝင်ဘာ ၈ ရက်နေ့မှ ၁၂ ရက်နေထိ (၅)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ နိတုံကျေးရွာနှင့် မြကုန်းကျေးရွာတို့မှ သင်တန်းသူ(၁၈)ဦး တက်ရောက်လျက်ရှိကြောင်း ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းစိုးထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)