အောင်မြေသာစံမြို့တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒုတိယအကြိမ် စုပေါင်းမိုးပေါ်ကျကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

မန္တလေး နိုဝင်ဘာလ ၈

၂၀၂၂ခုနှစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒုတိယအကြိမ် စုပေါင်းမိုးပေါ်ကျကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို မန္တလေး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၆၂ လမ်း၊ ၁၂×၁၄လမ်းကြားရှိ အတုလဝေယံ(အတုမရှိ) ကျောင်းတော်ကြီးတွင် ယမန်နေ့(တန်ဆောင်မုန်းလပြည့်နေ့)မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ(ရွှေကျင်)၊ ပတ္တမြားကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာဇောတာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ)၊ မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မဂါရဝကျောင်းဆရာတော် ဘဒ္ဒန္တတိက္ခန္ဒြိယာဘိဝံသ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) အမှူးပြုသော မိုးပေါ်ကျကထိန်အာနိသင်ရကျောင်းတိုက်များမှ ဆရာတော် ၅၈ ပါး ကြွရောက်တော်မူကြပြီး  တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် စိန်လွင် (တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး) လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွယ်နှင့် ဝန်ကြီးများ၏ ဇနီးများ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက် ဆရာတော် ဘဒ္ဒန္တပညာဇောတာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ)ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်းပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်တို့ ချီးမြှင့်တော်မူအပ်သော ပရိတ်တရားတော်မြတ်ကို နာယူကြည်ညိုခဲ့ကြသည်။ ဆက်လက်၍ ဗိုလ်မှူးကြီး ကျော်ကျော်မင်းနှင့် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများက တိုင်းဒေသကြီးအစိုးရအဖွဲ့ ကထိန်ခင်းကျင်းသည့် ကထိန်ခံကျောင်းများမှ ဆရာတော်ကြီးများအား ကထိန်လျာဉာတ်သင်္ကန်းဆက်ကပ်လှူဒါန်းကြပြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ ဒေါ်ခင်သင်းဝေ၊ ဝန်ကြီး ဦးသိန်းဌေးတို့က ပင့်သံဃာဆရာတော်ကြီး (၃)ပါးတို့အား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ရာ ဆရာတော် ဘဒ္ဒန္တ တိက္ခန္ဒြိယာဘိဝံသ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ)ထံမှ ကထိန်အနုမောဒနာတရားနာကြားပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှ ပေးဝေခဲ့ကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ စုပေါင်းမိုးပေါ်ကျကထိန်အလှူတော်မင်္ဂလာအခမ်းအနား လှူဒါန်းမှုအစုစုမှာ ကထိန်ခံကျောင်းပေါင်း (၅၈) ကျောင်းအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်အတူ ဌာနဆိုင်ရာနှင့် အလှူရှင်များ က သင်္ကန်း ၁၆၄ စုံ၊ ပဒေသာပင်ပေါင်း (၈၇) ခု၊ ပဒေသာပင်တန်ဖိုး ၃၇,၈၃၉,၅၅၀ ဖြစ်ကြောင်း သတင်းရရှိသည်။

မြင့်မော်ထွန်း-အောင်စံ၊ပြန်/ဆက်