ရသေ့တောင် နိုဝင်ဘာ ၈
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ယမန်နေ့ညတန်ဆောင်မုန်းလပြည့်နေ့တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ဆီမီးပူဇော်ထွန်းညှိသူများနှင့် စည်ကားလျက်ရှိသည်။ ရသေ့တောင်မြို့ တန်ဆောင်တိုင်ပွဲတော်ကာလတွင် အများပြည်သူများ စိတ်အပန်းဖြေပျော်ရွှင်မှုရှိစေရေးအတွက် ရောင်စုံမီးအလှများထွန်း၍ ရပ်ကွက်အလိုက် စတုဒိသာကျွေးမွေးခြင်းများဖြင့် စည်ကားလျက်ရှိသည်။
ထို့အပြင် တန်ဆောင်တိုင်ကာလအတွင်း မြို့လုံးကျွတ်စုပေါင်းမဟာဘုံကထိန်ပွဲများကျင်းပခြင်း၊ ပဒေသာပင်များ စီတန်းလှည့်လည်ခြင်း၊ ရပ်ကွက်များအလိုက် ဘုန်းတော်ကြီးကျောင်းများတွင် ကုသိုလ်ကောင်းမှုများပြုလုပ်ခြင်း၊ စေတီပုထိုးများ၌ ရောင်စုံဆီမီးမီးအလှများ ထွန်းညှိပူဇော်ခြင်းနှင့် မီးပုံပျံလွှတ်တင်ခြင်းများ ပြုလုပ်လျက်ရှိသည်။ ယမန်နေ့ တန်ဆောင်မုန်းလပြည့်နေ့တွင် ဘုရားပုထိုးများတွင်လည်း ဆီမီးပူဇော်သူများ၊ ကုသိုလ်ကောင်းမှုပြုလုပ်ကြသူများနှင့် ပျော်ရွှင်စွာလာရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။
ထွန်းလင်းကျော်