တန်ဆောင်မုန်းလပြည့်နေ့တွင် သမိုင်းဝင် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၌ ပြည်သူများ လာရောက် ကုသိုလ်ပြု

ပုဇွန်တောင် နိုဝင်ဘာ ၈

တန်ဆောင်မုန်းလသည် မိုးလေကင်းစင်၍ ရာသီဥတုသာယာကြည်လင်ကာ ညဉ့်ကောင်းကင်ယံတွင် နက္ခတ်ကြယ်တာရာတို စုံလင်စွာထွန်းပအေးမြလျက် စိတ်နှလုံးမွေ့လျော်ဖွယ်ရာ အခါသမယ ဖြစ်သည်။ မင်းစည်းစိမ်ကို ရယူလိုသော လောဘကြောင့် ဖခင်ကိုသတ်ခဲ့သည့် အပြစ်ကြီးကို ကျူးလွန်ခဲ့မိပြီး ထိုအပြစ်၏ ခြောက်လှန့်မှုကြောင့် စိတ်နှလုံးပူလောင်မှုနှင့် ထိတ်လန့်ကြောက်ရွံမှုတို့ကို ခံစားနေရသော အဇာတသတ်မင်းအား မြတ်စွာဘုရားက သာမညဖလ(ရဟန်းပြုခြင်း၏အကျိုး) တရားတော်ကို သာယာလှပသည့် တန်ဆောင်မုန်းလပြည့်ညတွင် ဟောကြားတော်မူခဲ့သည်။

ယနေ့တန်‌ဆောင်မုန်းလပြည့်‌နေ့သည် ဗုဒ္ဓဘာသာတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ  မြန်မာပြည် အရပ်ရပ်ရှိ တန်ခိုးကြီးဘုရားများ၌ ကုသိုလ်ပြုသူများဖြင့် စည်ကားများပြားလျက်ရှိရာ ပုဇွန်တောင် မြို့နယ်ရှိ သမိုင်းဝင် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၌ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ကြည်ညိုလျက် ကုသိုလ်ကောင်းမှုပြုကြကြောင်း သိရသည်။

တန်‌ဆောင်မုန်းလပြည့်‌နေ့ ယ‌နေ့နံနက်ပိုင်းမှစတင်၍ သမိုင်းဝင် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် ပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ၊ ဥပုသ်သီတင်းသီလဆောက်တည်သူများ၊ ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး၊ အမွှေးနံ့သာများ ဆက်ကပ်လှူဒါန်း၍ ကုသိုလ်ကောင်းမှုပြုသူများ၊ လာရောက်ဖူးမြော်ကြည်ညိုသူများဖြင့် အထူးစည်ကားခဲ့ပြီး ညပိုင်းတွင်လည်း ဝတ်ရွတ်ဖတ်ပူဇော်သူများ၊ ဆီမီးပူဇော်သူများ၊ ဘုရားဖူးလာရောက်ကြသူများဖြင့် ကုသိုလ်ဒါနပြုသူများဖြင့် စည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။

ဟန်စုယဉ် (ပြန်/ ဆက်)