ဒေါပုံမြို့နယ် ပြည်လုံးချမ်းသာဆုတောင်းပြည့် အေးစေတီတော်တွင် စုပေါင်းမဟာဘုံကထိန် ကျင်းပ

ရန်ကုန် နိုဝင်ဘာ ၈

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ် ဗမာအေးရပ်ကွက်ရှိ ပြည်သူများ၏ ပေါင်းစုသဒ္ဒါအားဖြင့် စုပေါင်းဘုံကထိန်ကို ယမန်နေ့ နံနက် ၇ နာရီမှ စတင်ကာ  ဓမ္မသီတဂူအေးရွာကျောင်းတိုက်အတွင်းရှိ ပြည်လုံးချမ်းသာ ဆုတောင်းပြည့်စေတီတော်တွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

တန်ဆောင်မုန်းလပြည့်နေ့ အခါသမယတွင် ဗမာအေးရပ်ကွက်အတွင်းရှိ လမ်းအသီးသီးမှ စေတနာရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ပဒေသာပင်များကို ရပ်ကွက်အတွင်း လှည့်လည်ခဲ့ကြပြီး ပြည်လုံးချမ်းသာ ဆုတောင်းပြည့်အေးစေတီတော်ကြီးကို လက်ျာရစ်လှည့်လည် ပူဇော်ခဲ့ကြသည်။ ထို့နောက် ဓမ္မသီတဂူကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပဏ္ဍိတထံမှ ကထိန်အနုမောဒနာ တရားများနာယူ ဆောက်တည် ခဲ့ကြပြီး အလှူရှင်များမှ ကထိန်သင်္ကန်းနှင့် ငွေပဒေသာပင်ကျပ် (၁၀၃) သိန်း၊ (၅၆) သိန်းတန်ဖိုးရှိ ပစ္စည်းပဒေသာပင်များအား ဆပ်ကပ်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)