ပုဏ္ဏားကျွန်းမြို့၌ တန်းဆောင်မုန်းလပြည့်နေ့ ညနေပိုင်းတွင် စတုဒိသာကျွေးမွေး လှူဒါန်းကြသူများဖြင့်အထူးစည်ကား

ပုဏ္ဏားကျွန်း နိုဝင်ဘာ ၈

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ဖြစ်သည့် တန်းဆောင်မုန်းလပြည့်နေ့ညနေပိုင်းတွင် မြို့ပေါ်ရပ်ကွက်များအတွင်းလမ်းများ၌ ရောင်စုံမီးအလှများထွန်းညှိပူဇော်ကြပြီး၊ စေတနာရှင်အသင်းအဖွဲ့များ၊ အလှူရှင်များစုပေါင်း၍ စတုဒိသာကျွေးမွေးလှူဒါန်းကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

အဆိုပါ စတုဒိသာကျွေးမွေးလှူဒါန်းခြင်းကို တန်းဆောင်မုန်းလပြည့်နေ့မှစ၍ လပြည့်ကျော်(၁)ရက်နေ့အထိ၊ ရပ်ကွက်အလိုက်လမ်းများတွင် ညနေ(၇)နာရီမှ ၉ နာရီအထိ၊ ကျွေးမွေးလှူဒါန်းလျက်ရှိရာ လူကြီး၊ လူငယ်များတို့က ပျော်ပျော်ပါးပါးဖြင့် အထူးစည်ကားလျက်ရှိပြီး၊ စတုဒိသာကျွေးမွေးလှူဒါန်းကြရာတွင် ရခိုင်အစားအစာများဖြစ်သော ရခိုင်အာပူရှာပူ၊ မုန့်တီ၊ ဆတ်နှံ၊ မုန့်လက်သုတ်၊ မုန့်ဟင်းခါး၊ မုန့်လုံးရေပေါ် စသည့် မုန်မျိုးစုံတို့ကို ကျွေးမွေးလှူဒါန်းကြလျက်ရှိကြောင်း သိရသည်။

နီထွန်းအောင်