ကျောက်ပန်းတောင်း နိုဝင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ်တွင် တန်ဆောင်မုန်းလပြည့်နေ့ဖြစ်သည့်၊ နိုဝင်ဘာ(၇)ရက်နေ့တွင် ဘုရားဖူးပြည်သူများဖြင့် စည်ကားခဲ့ကြောင်းနှင့် လပြည့်ညအချိန်ခါတွင်လည်း တောင်ကလပ်အထက် ဆေးကျောက်ပျဉ်ဂူတွင် ယုံကြည်သက်ဝင်သူများမှ ပွဲတင်ခြင်း၊ ဆေးမြစ်/ဆေးရွက်များစုပေါင်း၍ ဆေးကြိတ်ခြင်းများဖြင့် ည(၁၀)နာရီအထိစည်ကားခဲ့ကြောင်း တောင်ကလပ် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
ပုပ္ပားတောင်ကလပ်သည် ကမ္ဘာ့အသိအမှတ်ပြု ရှေးဟောင်းသမိုင်းဝင် ပုဂံ/ညောင်ဦးနှင့်နီး၍ အဆိုပါ ပုဂံယာဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်သည့် ပြည်တွင်း/ပြည်ပ ဘုရားဖူးတိုင်း တောင်ကလပ်သို့ မဖြစ်မနေခရီးတစ်ထောက်ဝင်ရောက်ဖူးမြော်လေ့လာလေ့ရှိကြရာ၊ ပွင့်လင်းရာသီဖြစ်သည့် ဘုရားဖူးကာလတိုင်း ပုပ္ပားတောင်ကလပ်သည် ဘုရားဖူးပြည်သူများဖြင့် စည်ကားမြဲဖြစ်ကြောင်း သိရသည်။ ယခင် ကိုဗစ်-၁၉ကပ်ရောဂါ ဖြစ်ပွားမှုမရှိခင်ကာလများက ယခုအချိန်အခါမျိုးတွင် ဘုရားဖူးပြည်သူတစ်နေ့လျှင် တစ်သောင်းကျော်ခန့်ဝင်ရောက်လေ့ရှပြီး၊ ဒေသခံပြည်သူများ ဈေးရောင်း/ ဈေးဝယ်ကောင်းခဲ့သော်လည်း၊ ယခုအခါ ကိုဗစ်-၁၉ကပ်ရောဂါနှင့် အခြားအကြောင်းအမျိုးမျိုးတို့ကြောင့် ဘုရားဖူးလာရောက်မှုအနည်းငယ်ကျဲပါးသွားသော်လည်း ယခုကာလတွင် ပြန်လည်စည်ကားခဲ့ကြောင်း သိရသည်။ အဆိုပါ ဘုရားဖူးပြည်သူများ ဝင်ရောက်လာမှုကြောင့် ဒေသခံစားသောက်ဆိုင်များ၊ အုန်း/ငှက်ပျောရောင်းချသူများ၊ ဘုရားပန်းနှင့်မျောက်စာရောင်းချသူများ လုပ်ငန်းအဆင်ပြေကြကြောင်း သိရသည်။
ထို့အပြင် တန်ဆောင်မုန်းလပြည့်ညမှာ ဆေးပေါင်းခသည်ဟု မြန်မာလူမျိုးတို့အယူရှိကြသည့်နည်းတူ၊ စာရေးဆရာ တင်နိုင်တိုး၏ ပုပ္ပားဟူသော စာအုပ်ပါမှတ်တမ်းများအရ သာယာဝတီမင်းလက်ထက် ၁၈၄၁ ခုနှစ်တွင် ယွန်းစုဝန်ကြီးမင်း မဟာကျော်စည်သူ ဦးစီး၍ အမတ်ကြီးမဟာဇေယျသင်္ကြန်က ပုပ္ပားအရပ်မှ ဆေးမျိုး ၇၄၈ မျိုး၊ ဆေးအမည် ၁၀၇၄ ပါး ပါဝင်သော ဆေးဖက်ဝင်အပင်များ ဆက်သွင်းခဲ့ရကြောင်းပါရှိခဲ့ရာ၊ ဆေးဖက်ဝင်အပင်များပေါများပြီး တရားကျင့်ကြံသည့် ဝိဇ္ဇာများပေါများရာအရပ်၊ ထွက်ရပ်ပေါက်ရာအရပ်ဟု ယုံကြည်သက်ဝင်သူများက လပြည့်နေ့မတိုင်မီမှာပင် အနယ်နယ် အရပ်ရပ်မှ ကြိုတင်လာရောက်ကြပြီး တန်ဆောင်မုန်းလပြည့်ညတွင် တောင်ကလပ်အထက် ဆေးကျောက်ပျဉ်ဂူတွင် ပွဲတင်ခြင်း၊ အဓိဌာန်ပတီးစိတ်ခြင်းနှင့်ဆေးမြစ်/ဆေးဥများဖြင့် ဆေးကြိတ်ခြင်းများကို တောင်ကလပ်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ခွင့်ပြုသည့်ည(၁၀)နာရီအထိ ယုံကြည်စွာဆောင်ရွက်ကြကြောင်း သိရသည်။
နေအောင်