ညောင်ဦး နိုဝင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ရှေးဟောင်းစေတီပုထိုးများအား ယမန်နေ့ည (၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့) ၇ နာရီခွဲအချိန်မှ စတင်ကာ ရွှေစည်းခုံဘုရားကြီးနှင့်သမိုင်းအထင်ကရ ဘုရားများတွင် ဆီမီးပူဇော်ကြကြောင်း ရွှေစည်းခုံဘုရားကြီးတွင်လည်း ဆီမီး ၁၂၀၀၀ ကပ်လှူပူဇော်ကြကြောင်း ဂေါပကဥက္ကဋ္ဌ ဦးကျော်မြင့်ထံကသိရသည်။
ထိုသို့ ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ရှေးဟောင်းစေတီ၊ ပုထိုးများကို ဆီမီးပူဇော်ကြရာ ဓမ္မရံကြီးဘုရားအပြင်ဘက်တွင် ဆီမီး ၅၀၀၀ ဆီမီးပူဇော်ခဲ့ကြပြီး ဘုရားနီ၊ အင်ကြင်းဂူ၊ အလိုတော်ပြည့်၊ စိုးမင်းကြီးအုတ်ကျောင်းပတ်ဝန်းကျင်ဘုရားများ၊ အပ္ပာယ်ရတနာပတ်ဝန်းကျင်ရှိ ဘုရားများ၊ ရွှေဆံတော်ပတ်ဝန်းကျင်ရှိဘုရားများ၊ အနော်ရထာလမ်းမကြီး ဘေးဘက်ဝဲ/ယာ ဘုရားများကို ထိခိုက်မှုမရှိစေဘဲ ဒေသခံများက ဆီမီးများပူဇော်ခဲ့ကြခြင်းဖြစ်သည်။ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း ဂေါပကအဖွဲ့ရှိသော ဘုရား ၁၉ ဆူဖြစ်သည့် ရွှေစည်းခုံဘုရား၊ အလိုတော်ပြည့်၊ အာနန္ဒာ၊ သဗ္ဗညု၊ ဗူးဘုရား၊ ကန်တော့ပလ္လင်၊ မဟာဗောဓိ၊ ထီးလိုမင်းလို၊ လောက နန္ဒာ၊ ရွှေဆံတော်၊ ဓမ္မရာဇက၊ မနုဟာ၊ မြစေတီ၊ တုရင်တောင်၊ ငှက်ပစ်တောင်၊ ဓမ္မရံကြီး၊ စူဠာမဏိ၊ ကျောက်ဂူဥမင်၊ ပြဿကြီးဘုရားများတွင်လည်း ဆီမီးပူဇော်ကြကြောင်းသိရသည်။
တန်ဆောင်မုန်းလပြည့်နေ့ ညနေပိုင်းအချိန်မှစတင်ကာ မိတ်ဆွေအပေါင်းအသင်းများ၊ မိသားစုများ၊ ဒေသခံများ၊ မြန်မာပြည်အရပ်ရပ်မှဘုရားဖူးများ ပုဂံရှေးဟောင်းယဉ် ကျေးမှုနယ်မြေအတွင်း တန်ဆောင်မုန်းလပြည့်နေ့ အစဉ်အလာမပျက် ဆီမီးပူဇော်ခဲ့ကြခြင်း ဖြစ်သည်။
ကိုကြေးမုံ