သီပေါ နိုဝင်ဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၏ ဆဋ္ဌမအကြိမ်မြောက် စုပေါင်းအမဟာဘုံကထိန် အလှူတော်မင်္ဂလာ ရေစက်ချအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက အောင်မင်္ဂလာဘိုးတော်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ် သံပြိုင်ညီညာရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီးကြွရောက်လာသော ဧည့်ပရိသတ်များမှ ရတနာသုံးပါးကို ရှိခိုးကန်တော့ကာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တမိလိန္ဒကငါးပါးသီလချီးမြှင့်ခြင်း၊ ကထိန်သင်္ကန်းကပ်လှူရခြင်းနှင့်ပတ်သက်၍ အနုမောဒနာတရားဟောကြားခြင်း၊ ဧည့်ပရိသတ်များက ဆရာတော်များအား လှူဖွယ်ပစ္စည်းနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ လှူဒါန်းမှူအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခြင်းများ ဆောင်ရွက် ခဲ့ကြသည်။
ဆက်လက်၍ ဧည့်ပရိသတ်များက ရတနာသုံးပါးကို ထပ်မံရှိခိုးကန်တော့ကြကာ ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ် သံပြိုင်ညီညာရွတ်ဆို၍ အလှူတော်မင်္ဂလာရေစက်ချအခမ်းအနားကို အောင်မြင်စွာဆောင်ရွက်ခဲ့ကြပြီး ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ ဆဋ္ဌမအကြိမ်မြောက် ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၏ စုပေါင်းမဟာဘုံကထိန်အလှူတော် မင်္ဂလာတွင်လှူဒါန်းမှုတန်ဖိုးစုစုပေါင်းမှာ ငွေကျပ်(၇၅၆၆၆၀၀/-)ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)