မြင်းခြံ နိုဝင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် တန်ဆောင်းမုန်းလပြည့်နေ့တွင် နှစ်စဉ် ကျင်းပမြဲဖြစ်သည့် (၂၁) ကြိမ်မြောက် မသိုးသင်္ကန်းယက်လုပ်ပူဇော်ပွဲကို ယနေ့ နံနက် ၅ နာရီ အချိန်က မြင်းခြံမြို့ ဆန္ဒတော်ပြည့်စေတီတော် ဓမ္မာရုံတွင်"ပြုလုပ်ခဲ့သည်။
အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး မင်းကျောင်းတိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒနဒအာစာရထံမှ ငါးငါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်သိန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်ခနှင့် တာဝန်ရှိသူများက တရားတော်များကို နာယူခဲ့ကြပြီး သံဃာတော် အရှင်သူမြတ်တို့ထံသို့ မသိုးသင်္ကန်းဆက်ကပ်လှူဒါန်ခြင်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ မသိုးသင်္ကန်းယက်လုပ်သည့်အဖွဲ့နှင့် သင်္ကန်းစက်ချုပ်အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ထို့နောက် မင်းကျောင်းတိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္ဒအာစာရထံမှ ရေစက်ချ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ ဆန္ဒတော်ပြည့်စေတီတော်ကြီးအတွင်းရှိ “မဟာဂရုဏာလာဘမုနိ”၊ “လောကသရဖူ”၊ “လောကမာရဇိန်”၊ “လောကမှန်ကူ” စသည့် ရုပ်ပွားတော်မြတ်ကြီးများအား မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် အခမ်းအနားအား “ဗုဒ္ဓသာသနံစိရံတိဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြသည်။
ကျော်စွာ(မြင်းခြံ)