ဆီဆိုင် နိုဝင်ဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲကို ယမန်နေ့နေ့လည် ၁၂ နာရီက စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲတော် ပဒေသာပင်များအား ကျေးရွာအုပ်စုများရှိ အလှူရှင်များက ဆီဆိုင်မြို့တွင်းသို့ အိုးစည်ဗုံမောင်းများဖြင့် စည်ကားသိုက်မြိုက်စွာ စီတန်းလှည့်လည်ပြီး မြကန်သာရပ်ကွက်ရှိ ဇဝနာရာမစာသင်ကျောင်းတိုက်၌ ကျောင်းထိုင်ဆရာတော်အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ဘဒ္ဒန္တကောဝိဒနှင့် သံဃာတော်များထံမှ တက်ရောက်လာကြသူများက ဩကာသကန်တော့ကျိုးဖြင့်ကန်တော့၍ ငါးပါးသီလနှင့် ပရိတ်တရားတော်များကို နာယူဆောက်တည်ကြသည်။ ဆက်လက်၍ အလှူရှင်များက ဆရာတော်၊ သံဃာတော်များအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္တုငွေများကို ဆက်ကပ်လှူဒါန်းပြီး ကျောင်းထိုင်ဆရာတော်ထံမှ တရားတော်နာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)