ပြင်ဦးလွင် နိုဝင်ဘာ ၈
၂၀၂၂ ခုနှစ် (၁၆)ကြိမ်မြောက် ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော်ကျင်းပရာ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီးအနီးရှိ မီးပုံးပျံကွင်းအတွင်း၌ ယမန်နေ့၊ တန်ဆောင်မုန်းလပြည့်နေ့၌ လာရောက်ကြည့်ရှုသူများဖြင့်စည်ကားလျက်ရှိကြောင်း သိရသည်။
ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော်ကျင်းပရာ မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရားကြီးအနီးရှိ မီးပုံးပျံကွင်းအတွင်း၌ ရပ်ကွက် ကျေးရွာအသီးသီးမှ ပြိုင်ပွဲဝင်နေ့အလှ အရုပ်မီးပုံးပျံ ပြိုင်ပွဲကိုထည့်သွင်းကျင်းပလျက်ရှိရာ ယနေ့ တတိယမြောက်နေ့တွင်လည်း ပြိုင်ပွဲဝင်အသင်းများမှ အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲဝင်အုပ်စုအသီးသီးတို့မှ တိုင်းရင်းသားရိုးရာအကများ၊ အိုးစည်ဒိုးပတ်များဖြင့် ကွင်းအတွင်း ပျော်ရွှင်စွာ ဖျော်ဖြေခဲ့ကြပြီး ပွဲတော်လာ ပရိသတ်များမှလည်း လက်ခုပ်သြဘာများပေးကာ ပျော်ရွှင်စွာ ကြည့်ရှုခဲ့ကြသည်။
နေ့အလှမီးပုံးပျံများကိုယှဉ်ပြိုင်ရာတွင် ဌာနဆိုင်ရာ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အဖွဲ့အစည်းများ၏ အုပ်စု (၁၃) အုပ်စုမှ နေ့အလှ အရုပ်မီးပုံးပျံ (၁၃)လုံးတွင် ရွှေဇီးကွက် ၊ ရွှေငါး၊ ဟင်္သါ၊ ဆင်ဖြူတော်၊ ကြ က်တူရွေးအုပ်စု၊ ငြိမ်းချမ်းရေးခို၊ မြင်းပျံ၊ ယုန်ဖြူစသည့် အရုပ်အမျိုးအစားများ ပါဝင်ပြီး မြိုင်မြိုင်ဆိုင်ဆိုင် လွှတ်တင်ယှဉ်ပြိုင်ခဲ့ကြသည်။
၂၀၂၂ ခုနှစ် ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော်အတွင်း ဘောလီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ရိုးရာခြင်းအလှခတ်ပြိုင်ပွဲများလည်း ကျင်းပခဲ့ရာ လာရောက်ကြည့်ရှု အားပေးသူများဖြင့် စည်ကားလျက်ရှိပြီး ကျောက်ဆည်မြို့၏ဆင်အကအဖွဲ့မှလည်း နိုဝင်ဘာ(၆)ရက်နေ့နှင့် (၇)ရက်နေ့ညများတွင် ဖျော်ဖြေသွားမည်ဖြစ်ကာ မြန်မာ့ရိုးရာမုန့်ဆိုင်၊ ကလေးကစားစရာပစ္စည်းဆိုင်များလည်း ပါဝင်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)