သံတွဲမြို့၌ (၄၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

သံတွဲ နိုဝင်ဘာ ၈

ရခိုင်ပြည်နယ်၊ သံတွဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှုကျင်းပသည့် (၄၃)ကြိမ်မြောက်၊ ခရိုင်၊ မြို့နယ်ဌာနပေါင်းစုံဝန်ထမ်းများနှင့် စေတနာရှင်အလှုရှင်များ၏ စုပေါင်း မဟာဘုံကထိန်အလှူမင်္ဂလာပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီက ဒွါရာဝတီမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းနှင့်ဇနီး၊ သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုရာများနှင့် ဝန်ထမ်းများတက်ရောက်ကြသည်။

ရှေးဦးစွာ မဟာဘုံကထိန်အလှူမင်္ဂလာပွဲတော်ကို ကြွရောက်တော်မူကြသည့် ဆရာတော် သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွက်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပေးတော်မူကြပြီး တရော်တောတိုက်ကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒာစာရထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော် သံဃာတော်အရှင်သူမြတ်များထံမှ မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြသည်။ ပြီးနောက် သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်က သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့သည်။

၎င်းနောက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းနှင့်ဇနီးတို့က တရော်တောတိုက်ကျောင်းဆရာတော်ထံသို့ သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးချစ်နှင့် ဇနီးဒေါ်ဝင်းမြဖြူတို့က ကထိန်လျာညှပ်သင်္ကန်းမကြီးနှင့် လှူဖွယ်ဝတ္ထုများကို တရော်တောတိုက်ကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒာစာရထံသို့ ဆက်ကပ်လှူဒါန်းကြသည်။ ပြီးနောက် ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုရာများနှင့် အလှူရှင်များ ဆရာတော် သံဃာတော်များအား သင်္ကန်း၊ လှူဖွယ်ဝတ္ထုများနှင့် ငွေပဒေသာပင်များကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တရော်တောတိုက်ကျောင်းဆရာတော်ထံမှ ကထိန်အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ ၎င်းနောက် အခမ်းအနားကို ဗုဒ္ဓသရနံ စိရံတိဌတု သုံးကြိမ်ရွက်ဆိုဆုတောင်း၍ အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ကြသည်။

အခမ်းအနားအပြီးတွင် ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဧည့်ပရိတ်သတ်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြသည်။

ယနေ့ကျင်းပပြုလုပ်သည့် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှုကျင်းပသည့် (၄၃)ကြိမ်မြောက်၊ ခရိုင်၊ မြို့နယ်ဌာနပေါင်းစုံဝန်ထမ်းများနှင့် စေတနာရှင်အလှုရှင်များ၏ စုပေါင်းမဟာဘုံကထိန်အလှူမင်္ဂလာပွဲတော်တွင် သင်္ကန်းခြင်း(၃၅)ခြင်း၊ ပဒေသာပင် ၃၃ ပင်၊ ဝတ္ထုငွေနှင့် ဆွမ်းအလှူတော် စုစုပေါင်း သိန်း(၂၆၂၈၁၈၀၀)၊ (နှစ်ရာခြောက်ဆယ့်နှစ်သိန်းရှစ်သောင်း တစ်ထောင်တိတိ)အား လှူဒါန်းနိုင်ခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)