ပျဉ်းမနားမြို့နယ်၌ (၅၁)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်

ပျဉ်းမနား နိုဝင်ဘာ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများစုပေါင်း၍ (၅၁) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နေ့လယ်ပိုင်းက ပျဉ်းမနားမြို့၊ လောကမာရဇိန်ဘုရားဓမ္မာရုံ၌ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ရှေ့ဦးစွာ  ဆရာတော်သံဃာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များမှ  နမောတဿသုံးကြိမ်ရွတ်ဆို  ဘုရားကန်တော့ကြပြီးနောက် တက်ရောက်လာကြသူများမှ ပျဉ်းမနားမြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ဦးဇာဂရ ထံမှငါးပါးသီလခံယူဆောက်တည်ကြသည်။

ဆက်လက်ပြီး ဆရာတော်အရှင်သူမြတ်များမှ မေတ္တာသုတ်ပရိတ်တရားတော်များကို ရွတ်ပွားချီးမြှင့်တော်မူကြပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်းက ပျဉ်းမနားမြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ဦးဇာဂရအား ကထိန်သင်္ကန်းကို ဆက်ကပ်လှူဒါန်းသည်။  ထို့နောက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများမှ ပင့်သံဃာဆရာတော်သံဃာတော်များကို ပဒေသာပင်နှင့်တကွ နဝကမ္မလှူဖွယ် ပစ္စည်းများ စုစုပေါင်းတန်ဖိုး (ခြောက်ရာတစ်ဆယ့် ခုနှစ်သိန်းကိုးသောင်းလေးထောင် တစ်ရာ့ငါးဆယ်)ကျပ်တိတိကို ဆက်ကပ်လှူဒါန်းပေးကြသည်။ ယင်းနောက် မြို့နယ်သံဃာ့နာယကအဖွဲ့ အကျိုးတောင်ဆောင် ဆရာတော်ဦးကိတ္တိသာရထံမှ ကထိန်အနုမောဒနာ တရားတော်မြတ်ကိုနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေ၍  ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)