တန်ဆောင်မုန်းလပြည့် သာမညဖလ အခါတော်နေ့တွင် မတ္တရာမြို့၌ စတုဒိသာကျွေးမွေးခြင်း၊ ကံစမ်းမဲဖောက်ကုသိုလ်ပြုခြင်းများဖြင့် စည်ကားလျက်ရှိ

မတ္တရာ   နိုဝင်ဘာ ၈

တန်ဆောင်မုန်းလပြည့် သာမညဖလ အခါတော်နေ့တွင် နိုင်ငံတစ်ဝှမ်းရှိ တန်ခိုးကြီးဘုရားများ၊ အပန်းဖြေရာ နေရာများစွာတို့တွင် ကောင်းမှုကုသိုလ်ပြုသူများ၊ လည်ပတ်ကြ သူများဖြင့် စည်ကားလျက်ရှိရာ  မတ္တရာမြို့နယ်၌လည်း စတုဒိသာကျွေးမွေးခြင်း ကံစမ်းမဲဖောက်ကုသိုလ်ပြုခြင်းများဖြင့် စည်ကားလျက်ရှိသည်။

မတ္တရာမြို့နယ်၌  တန်ဆောင်မုန်းလပြည့်နေ့ နံနက်ခင်းအချိန်မှစ၍ ဘုရားကျောင်းကန်များနှင့် ရပ်ကွက်များတွင် ဥပုသ်သီလဆောက်တည်၍ ကောင်းမှုကုသိုလ်ပြုသူများ၊ ထမင်းဟင်း၊ မုန့်ဟင်းခါး၊ ကြာဇံချက်၊ မုန့်လုံးရေပေါ်များကျွေးမွေးခြင်း၊ စက်ဘီး၊ စောင်၊ ဆန်၊ ဆီ၊ ဆား၊ လူအသုံးဆောင်ပစ္စည်းများ၊ ကလေးကစားစရာအရုပ်များကို မိသားစုများ၊ အသင်းအဖွဲ့များအလိုက် ပျော်ရွှင်စွာဖြင့် ကံစမ်းမဲဖောက်ခြင်းများကို ပြုလုပ်ခဲ့ကြကြောင်းနှင့် ညချမ်းအချိန်အခါတွင်လည်း ဘုရားကျောင်းကန်များတွင် ဆီမီး(၂၀၀၀) ထွန်းညှိပူဇော်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

စိုးကျော်သူထွေး(မတ္တရာ)