လားရှိုး နိုဝင်ဘာ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီ ပရဝဏ်အတွင်း၌ ယမန်နေ့ ညနေ(၆)နာရီအချိန်က မီးမျှောပွဲနှင့် မီးပုံပျံလွှတ်တင်ပွဲများကို နိုင်ငံကျော်အဆိုတော်များ၏ ဖျော်ဖြေမှုများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
ရှေးဦးစွာ မီးမျှောပွဲအား ရန်တိုင်းအောင်ဆုတောင်ပြည့်မြို့ဦးစေတီ၊ ပြည်သူ့ဥယျာဉ်အတွင်းရှိ ရေကန်၌ ကျင်းပရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်း/မြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ပြည်နယ်/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများက စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲ ခဲ့ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများက ဆင်းရွှေလီကဇာတ်ရုံရှေ့၊ မီးပုံးပျံလွှတ်တင်ကွင်းအတွင်း ညမီးကြီးမီးပုံးပျံများ၊ စိန်နားပန် မီးပုံးပျံများ၊ အရုပ်မီးပုံးပျံများ၊ မီးပုံးပျံငယ်လွှတ်တင် နေမှုများအားကြည့်ရှုအားပေးခဲ့သည်။
တန်ဆောင်မုန်းလပြည့်နေ့တွင် လားရှိုးမြို့မီးမျှောပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲသို့ ဒေသခံပြည်သူအများအပြား လာရောက်ခဲ့ကြပြီး နိုင်ငံကျော်အဆိုတော်များ၊ ဒေသခံအဆိုတော်များ၊ တိုင်းရင်းသားရိုးရာအကများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး