ညောင်ဦး နိုဝင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အနောက်ပုလင်းကျေးရွာအနီး ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းသို့ တန်ဆောင်မုန်းလပြည့်နေ့တွင် အပန်းဖြေခရီးသွား လာရောက်လည်ပတ်သူများနှင့် ဆင်များကိုလေ့လာလိုသူခရီးသွားပြည်သူများ လာ ရောက်လည်ပတ်မှုများပြားခဲ့ကြောင်း ပလင်းကမ်းသာယာဆင်စခန်း တာဝန်ရှိသူများထံက သိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းက ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းသည် ညောင်ဦးမြို့နှင့် ၅ မိုင်ခန့်အကွာ၊ ညောင်ဦး - ပခုက္ကူ- မြင်းခြံကားလမ်းမကြီးဘေး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိပြီး ပုဂံ- ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ ဘုရားဖူးလာခရီးသွားပြည်သူများ ခရီးတစ်ထောက် လာရောက်အပန်းဖြေနားနေရာတစ်ခုလည်းဖြစ်ကြောင်း၊ ပလင်းကမ်းသာယာဆင်စခန်းဝင်း အတွင်း ကလေးကစားကွင်းတွင် ကလေးစီးရဟတ်၊ ဆီးဆော၊ လျောစီးနေရာ၊ ဒန်းတို့ပါရှိပြီး ကလေးဥယျာဉ်အဖြစ် ငယ်စဉ်ကတည်းက သစ်ပင်၊ ပန်းပင် သစ်တောတို့ကိုမြတ်နိုးတတ်စေရန် ဥယျာဉ်ငယ်ပြုလုပ်ဖန်းတီးပေးထားကြောင်း၊ ဆင်ပြတိုက်တွင်လည်းစုံလင်စွာပြသပေးထားပြီး ကမ္ဘာတွင်မြန်မာတစ်နိုင်ငံထဲသာ အိမ်မွေးဆင်အများစုပိုင်ဆိုင်ကြောင်း၊ အာဖရိကဆင်နှင့် အာရှဆင်ခွဲခြားပြသထားပြီး အာရှဆင်များသည် အာဖရိကဆင်များထက် ခွန်အားကြီးမားပုံ၊ အာရှဆင် (ခေါ်) မြန်မာ့ဆင်များ မြန်မာ့သစ်လုပ်ငန်းတွင်အရေးပါခဲ့ပုံ၊ သစ်တောဝန်ထမ်းများနှင့် မြန်မာ့သစ်လုပ်ငန်းဝန်ထမ်းများ ဆင်များစောင့်ရှောက်ပုံ၊ ဆင်စွယ်အမျိုးမျိုးနှင့် ဆင်ဝန်ထမ်းအဆင့်ဆင့်နေအိမ်များကို ဆင်ပြတိုက်တွင်ပြသထားပုံနှင့် ဆင်စခန်းဝင်း ဆင်များနေထိုင်ပုံ၊ ဆင်များသည် တစ်နေ့သုံးချိန်ပိုင်းပါက နှစ်ချိန်သည် အစာစားချိန်ဖြစ်ကြောင်းတို့ကို ခရီးသွား၊ အပန်းဖြေလာဆင်လေ့လာလိုသူများ သိရှိလိုသည်များ ကို ဆင်စခန်းတာဝန်ရှိသူများက လိုက်လံရှင်းပြပေးကြောင်း၊ တန်ဆောင်မုန်းလပြည့်နေ့တွင် ဆင်များအတွက် ဆင်စာဘူဖေးကျွေးသူများပြားခဲ့ပြီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဆင်စခန်းလာဆင်ချစ်သူများ အပန်းဖြေနားနေနိုင်ရန် ရှည်တံရှည်တဲများတွင် အပန်းဖြေသူများဖြင့်စည်းကားခဲ့ပြီး ဆင်စခန်းများလာရောက်လေ့လာလည်ပတ်ခြင်းဖြင့် မြန်မာ့ဆင်များကိုယ်တိုင်ထိန်းသိမ်းဖို့အင်အားဖြစ်စေကြောင်းလည်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်ရင်း ပလင်းဆင်စခန်းသို့ လာရောက်လေ့လာခဲ့သည့် ခရီးသွားဆင်ချစ်သူများပြားခဲ့ကြောင်း၊ ဆင်စာကျွေးမှုလည်း များပြားခဲ့ကာ ပလင်းကမ်းသာယာဆင်းစခန်းမှ ဆင်ထိန်းများကလည်း ခရီးသွားဆင်ချစ်သူများ ဆင်များအကြောင်းသိလိုသည်များကို ရှင်းပြပေးကြောင်း၊ တောတောင်များထဲတွင် ဆင်များနေထိုင်ပုံ၊ လွှတ်ကျောင်းပုံနှင့် ဆင်ကောက်ချိန်များအကြောင်းရှင်းပြပေးကြောင်း ပလင်းကမ်းသာယာဆင်စခန်းမှ ဦးစီး(လူကြီး)ဦးအောင်ကျော်လင်းမှ ရှင်းပြသည်။
ကိုကြေးမုံ