တန်ဆောင်မုန်းလပြည့်နေ့တွင် ရန်ကင်းမြို့နယ်ရှိ သမိုင်းဝင်မိုးကောင်းဆုတောင်းပြည့်စေတီတော်မြတ်ကြီးတွင် ပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြှော်

ရန်ကင်း နိုဝင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် တန်ဆောင်မုန်းလပြည့်နေ့၌ သမိုင်းဝင်မိုးကောင်းဆုတောင်းပြည့်စေတီတော်မြတ်ကြီးတွင် ပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ကြည်ညိုလျက် ကုသိုလ်ကောင်းမှုပြုလုပ်လျက်ရှိကြောင်း သိရသည်။

တန်ဆောင်မုန်းလပြည့်နေ့တွင် မြတ်စွာဘုရားရှင်သည် အဇာတသတ်မင်းအား ရဟန်းဖြစ်ရသည့် အကျိုးတရားများကို ဟော်ကြားတော်မူသောနေ့ဖြစ်ရာ သံသရာ၏ဒုက္ခဆင်းရဲ ချုပ်ငြိမ်းနိုင်ပုံကိုဟောကြားထားပြီး နာကြားရသူအဖို့ စိတ်နှလုံးအေးချမ်းပြီး ကုသိုလ်၊ အကုသိုလ်တရားများကို ကွဲကွဲပြားပြား သိလာသည့် နေ့ထူးနေ့မြတ်ဖြစ်သည်။ ထိုနေ့မြတ်တွင် မိုးကောင်းဆုတောင်းပြည့်စေတီတော်မြတ်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများသည် လာရောက်ကြပြီး ရန်ကင်းမြို့၏ အထင်ကရစေတီပုထိုးများ၌ တရားဘာဝနာပွားများခြင်း၊ ရွတ်ဖတ်ပူဇော်ခြင်း၊ ဥပုသ်သတင်းသီလဆောက်တည်ခြင်းများဖြင့် အေချမ်းစွာကုသိုလ်ကောင်းမှုများ ပြုလုပ်နေကြကြောင်း သိရသည်။

ဘုရားဖူးပြည်သူတစ်ဦးဖြစ်သည့် ဒေါ်မြတ်မြတ်အောင်မှ ရန်ကင်းမြို့ရဲ့သမိုင်းဝင်မိုးကောင်းဘုရားကို ဖူးမြှော်ချင်တာကြာပြီးဖြစ်တဲ့အတွက် သူငယ်ချင်းမိသားစုတွေနှင့်အတူ လာရောက်ဖူးမြှော်တာဖြစ်ပြီး မိုးကောင်းဘုရားနဲ့ ရန်ကုန်မြို့ရဲ့ သမိုင်းဝင်ဘုရားတွေကို စုံအောင်ဖူးမြှော်သွားမှာပါ။ ကိုဗစ်-၁၉ ရောဂါကြောင့် မလာရပေမယ့် ဘုရားဖူးလာချင်နေတာကြာပြီဆိုတော့ ဆန္နတွေပြည့်ဝသွားကြောင်း ပြောကြားခဲ့သည်ကို သိရသည်။

သို့ဖြစ်ရာ မိုးကောင်းဆုတောင်းပြည့်စေတီတော်မြတ်ကြီးတွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများနှင့် စည်ကားလျက်ရှိပြီး၊ စတုဒီသာကျွေးမွေးသူများ၊ ကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။

အိရွှေစင်(ပြန်/ဆက်)