ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန် အလှူပွဲတော်ကျင်းပ

စစ်တွေ    နိုဝင်ဘာ   ၈

ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန် အလှူပွဲတော်ကို ယမန်နေ့နေ့လယ် ၂ ရီက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်ပရဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းနှင့်ဇနီး၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊  ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားကို ဆရာတော်သံဃာတော်များနှင့် ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆိုပြီးဖွင့်လှစ်ကြသည်။ ထို့နောက် ပြည်နယ်ဩဝါဒါ စရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ စစ်တွေမြို့၊ နန္ဒာရာမပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တနန္ဒသိရီမဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပကာ သံဃာတော် အရှင်သူမြတ်များက မေတ္တသုတ်ပရိတ်တရားတော်များရွတ်ပွားချီးမြှင့်တော်မူကြသည်။ ယင်းနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က စစ်တွေမြို့၊ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ဆရာတော်ထံသို့ ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပြီး တိုင်းမှူးနှင့်ဇနီးတို့က ပြည်နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ ဓမ္မသုခကျောင်း တိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ ဘဒ္ဒန္တသောမထံသို့ လှူဖွယ်သင်္ကန်း ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများနှင့်ဇနီးများ၊ တာဝန်ရှိသူများက ကြွရောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်သင်္ကန်းများဆက်ကပ် လှူဒါန်းကြပြီး ဌာနဆိုင်ရာအကြီးအကဲများက ကျောင်းတိုက် အသီးသီးမှ ဆရာတော်များအား ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ပြည်နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ ဓမ္မသုခကျောင်းတိုက်ပဓာနနာယက၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တသောမ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက ကထိန်အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဠတု သုံးကြိမ် ရွတ်ဆိုဆုတောင်းပြီး ရုတ်သိမ်းခဲ့ကြသည်။

အဆိုပါ မဟာကထိန်အလှူတော်မင်္ဂလာပွဲတွင် ပြည်နယ်အစိုးရအဖွဲ့နှင့် ဝန်ကြီးဌာနအလိုက် ဌာန ဆိုင်ရာများမှ လှူဒါန်းသည့် ကထိန်အရံပဒေသာပင် ၄၄ ခုတွင် ပစ္စည်းတန်းဖိုး ၁၃၇၄၀၆၅၀ ကျပ်၊ ငွေ သားတန်ဖိုး ၁၂၅၉၅၂၀၀ ကျပ်၊ စုစုပေါင်းတန်ဖိုး  ၂၆၃,၃၅၈,၅၀၀ ကျပ် ဖြစ်ကြောင်းသိရသည်။

တင်ထွန်း