သထုံ နိုဝင်ဘာ ၈
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာရှိ မိုးကောင်းဆုတောင်းပြည့်စေတီတော်၌ ပထမဆုံးအကြိမ်အဖြင့် ဆီမီး ၁၁၀၀ ထွန်းညှိပူဇော်ပွဲကို ယမန်နေ့တန်ဆောင်မုန်းလပြည့်(သာမညဖလအခါတော်နေ့) ညနေပိုင်းကပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးကောင်းကျေးရွာအုပ်စု သြဝါဒါစရိယဆရာတော်ကြီးများ၏ သြဝါဒကိုခံယူလျက် မိုးကောင်းကျေးရွာရပ်မိရပ်ဖများ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး တန်ဆောင်မုန်းလပြည့်ည အခါသာမယရောက်တိုင်း ဗုဒ္ဓမြတ်စွာဘုရားရှင်အားရည်မှန်း၍ ဆီမီးဖြင့်ထွန်းညှိပူဇော်သည့်အစဉ်အလာကို မျိုးဆက်သစ်လူငယ်များအတုယူပြီး နှစ်စဉ်ကျင်းပပြုလုပ်သွားစေရန် ရည်ရွယ်ကြောင်း သိရသည်။
အဆိုပါ ဆီမီးထွန်းညှိပူဇော်ပွဲသို့ မိုးကောင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဘုရားဖူးပြည်သူများလာရောက်ကာ ဆီမီးထွန်းညှိပူဇော်ခဲ့ကြပြီး ရပ်မိရပ်ဖများနှင့်အတူ မိုးကောင်းလူမှုကယ်ဆယ်ရေးနှင့် နာရေးကူညီမှုအသင်းမှ ပရဟိတလူငယ်မောင်မယ်များမှ ပါဝင်ကုသိုလ်ယူ ကူညီပေးခဲ့ကြောင်း သိရသည်။
သထုံမြို့နယ် မိုးကောင်းကျေးရွာအုပ်စု ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းအနီးရှိ မိုးကောင်းဆုတောင်းပြည့်စေတီတော်ကို မြတ်စွာဘုရားရှင် ဝါတော်နှစ်ဝါမြောက်၌ အရှင်အနုရုဒ္ဓါမထေရ်မြတ်ကြီးမှူးသည့် ရဟန္တာခြောက်ပါးတို့အား သနားချီးမြှင့်ခဲ့သည့် ဆံတော်ခြောက်ဆူအနက် စတုတ္ထဆံတော်ကို အရှင်ဉာဏပဏ္ဍိတရဟန္တာမြတ်က ပညောင်ပင်စောင့်ရုက္ခစိုးနတ်၏ အကူအညီဖြင့် လှေကုန်သည်အား ဒါယကာပြုလျက် တည်ထားကိုးကွယ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နဒီ(ပြန်/ဆက်)