သန်လျင်မြို့နယ် ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများညှိနှိုင်း

သန်လျင် စက်တင်ဘာ ၁၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းများ လျှင်မြန်သွက်လက်ရေး၊ အချိန်နှင့်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ညနေ ၄ နာရီတွင် သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ သန်လျင်မြို့နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်နှင့် မြို့နယ်ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်းတို့က မြို့နယ်အတွင်း ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေး ၊ ရောဂါပြန့်ပွားမှုမရှိစေရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် တက်ရောက်လာကြသော ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာချိုချိုလွင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမြကြေးမုံနှင့် အထောက်အကူပြု ကော်မတီတို့မှ ကော်မတီဝင်များက ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေး၊ အသိပညာပေးရေး၊ အတည်ပြုပိုးတွေ့ လူနာများ စနစ်တကျ သတင်းထုတ်ပြန်ပေးရေး၊ ဖျားနာကုသဆေးခန်းတွင် စမ်းသပ်စစ်ဆေးမှုများ အချိန်နှင့်တပြေးညီ ဆောင်ရွက်ရေး၊ မြေပြင်တွင် ဆောင်ရွက်လျက်ရှိသည့် လူမှုအသင်းအဖွဲ့များက လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး အကြံပြု ဆွေးနွေးတင်ပြကြသည်။

သန်လျင်မြို့နယ်တွင် ကိုဗစ်-၁၉အတည်ပြု ပိုးတွေ့လူနာများရှိနေခြင်း၊ သေဆုံးမှုများ ရှိနေခြင်းကြောင့် ကာကွယ်ရေး၊ ကုသရေးရောဂါ ပျံ့ပွားမှုမရှိစေရေး အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းဝင်း(သန်လျင်)