စဉ့်ကူးမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်း

စဉ့်ကူး နိုဝင်ဘာ ၇

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းပွဲသို့ ဆရာတော်၊ သံဃာတော်(၅)ပါးတို့ကြွရောက်ချီးမြှင့်ကာ စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်နိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းကိုဦးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ဆရာတော်၊ သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသော ဧည့်ပရိတ်သတ်အပေါင်းတို့သည် စဉ့်ကူးမြို့ ရွှေပြည်စိုးဗောဓိကျောင်းတိုက်ဆရာတော် ဦးသောဘနထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ဖတ်သရဇ္စျယ်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြသည်။ ဆက်လက်၍ ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်ဦးသောဘနထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချအမျှပေးဝေခဲ့ကြသည်။

ယင်းနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်လာသော ဧည့်ပရိတ်သတ်အပေါင်းတို့အား ပဲထမင်းဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ဌာနနှစ်ပတ်လည်နေ့အထိမ်းအမှတ်အကြိုအဖြစ် နိုဝင်ဘာလ ၅ ရက်နေ့က ဧရာဝတီမြစ်အတွင်းသို့ ဇီဝိတဒါန ငါးအကောင်ရေ (၁၅၀၀၀)အား ဘေးမဲ့လွှတ်ခြင်း၊ နိုဝင်ဘာလ ၆ ရက်နေ့က ရွှေရပ်တော်ဘုရားတွင် ပြည်သူ့အကျိုးပြုလုပ်ငန်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တင်ဇာလွင်