ဆီဆိုင် နိုဝင်ဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပွဲကို ယမန်နေ့ နံနက် ၈ နာရီခွဲက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပွဲတော် ပဒေသာပင်များအား ဆီဆိုင်မြို့တွင်းသို့ တစ်ပတ်လှည့်လည်ပြီး မြကန်သာရပ်ကွက်ရှိ ဇဝနာရာမစာသင်ကျောင်းတိုက်၌ ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ဘဒ္ဒန္တကောဝိဒနှင့် သံဃာတော်များထံမှ ဒေသခံပြည်သူလူထုတို့က ဩကာသကန်တော့ကျိုးဖြင့် ကန်တော့၍ ငါးပါးသီလနှင့် ပရိတ်တရားတော်များကို နာယူဆောက်တည်ကြသည်။ ဆက်လက်၍ ဒေသခံစေတနာရှင် ပြည်သူများက ဆရာတော်၊ သံဃာတော်များအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္တုငွေကျပ် (၁၆၉၇၉၄၅၀)ကို ကပ်လှူပူဇော်ပြီး ကျောင်းထိုင်ဆရာတော်ထံမှ တရားတော်နာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)