တောင်ကုတ်မြို့ရှိ တန်ခိုးကြီးဘုရားများ၌ တန်ဆောင်မုန်းလပြည့်နေ့ ဘုရားဖူးပြည်သူများ၊ စတုဒိသာကျွေးမွေးလှူဒါန်းသူများဖြင့် စည်ကားလျက်ရှိ

တောင်ကုတ်            နိုဝင်ဘာ ၈

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ တန်ဆောင်မုန်းလပြည့်နေ့ယမန်နေ့ ညနေပိုင်းမှစ၍ တန်ခိုးကြီးဘုရားများတွင် ဘုရားဖူးပြည်သူများ၊ ရပ်ကွက်အလိုက်စတုဒိသာ ကျွေးမွေးလှူဒါန်းသူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။

တောင်ကုတ်မြို့ရှိ တန်ခိုးကြီးဘုရားများဖြစ်သည့် မြို့မကျက်သရေဆောင်ဖောင်တော်ဦးစေတီတော်၊ အာလိန်ငါးဆင့်ဘုရားနှင့် စေတျာရာမကျောင်းတိုက်အတွင်းရှိ မဟာဗောဓိစေတီတော်တို့တွင် ဆီမီး၊ ပန်း၊ ရေချမ်းကပ်လှူပူဇော်သူများ၊ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသကဲ့သို့ ရပ်ကွက်များ၌လည်း ရောင်စုံမီးများထွန်းညှိထားရှိပြီး စတုဒိသာကျွေးမွေးလှူဒါန်းကြသူများဖြင့် စည်ကားလျက်ရှိသည်။

တန်ဆောင်မုန်းလပြည့်နေသည် သီတင်းကျွတ်လပြည့်နေ့ကဲ့သို့ပင် ဗုဒ္ဓဘာသာနွယ်ဝင်တို့၏ နေ့ထူး နေ့မြတ်တစ်နေ့ဖြစ်ပြီး တန်ဆောင်တိုင်ပွဲတော်သည် ဘုရားရှင်အား ဆီမီးထွန်းညှိပူဇော်သည့် ပွဲတော်ဖြစ်သကဲ့သို့ ကထိန်သင်္ကန်းကပ်လှူခွင့်ရသောနောက်ဆုံးနေ့ဖြစ်ခြင်း၊ ဘုရားရှင်က အဇာတသတ်မင်းကြီး အမှူးပြုသော ပရိသတ်တို့အား သာမညဖလသုတ်တော်ခေါ် ရဟန်း ပြုရအကျိုးပြ တရားတော်ကို ဟောကြားတော်မူသော နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်ခြင်းတို့ကြောင့် ဗုဒ္ဓဘာသာနွယ်ဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်ကြောင်းကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်