ဘီးလင်းမြို့နယ်တွင် တန်ဆောင်မုန်းလပြည့်နေ့၌ စတုဒီသာကျွေးမွေးလှူဒါန်းသူများဖြင့်စည်ကား

ဘီးလင်း       နိုဝင်ဘာ      ၈

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် တန်ဆောင်မုန်းလပြည့်နေ့၌ စတုဒီသာကျွေးမွေးလှူဒါန်းသူများ၊ လာရောက်သုံးဆောင်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ဘီးလင်းမြို့နယ်၊ ဗိုလ်တေဇရပ်ကွက်ရှိ လမ်းအသီးသီးတို့တွင် လမ်းအလိုက်၊ တစ်ဦးချင်းအလိုက် အလှူရှင်များက မုန့်ဟင်းခါး၊ အကြော်စုံ၊ မုန့်လက်ဆောင်း၊ ကြံရည်၊ အအေးစသည့် စားသောက်ဖွယ်ရာမျိုးစုံတို့ကို ကျွေးမွေးလှူဒါန်းကြရာ ပြည်သူအများအပြား ပျော်ရွှင်စွာလာရောက်စားသောက်ခဲ့ကြသည်။ အလားတူ တန်ဆောင်မုန်းလပြည့်ကျော် တစ်ရက်နေ့တွင်လည်း ရပ်ကွက်များအတွင်း စတုဒီသာများ ကျွေးမွေးလှူဒါန်းပေးသွားမည် ဖြစ်ကြောင်းသိရသည်။

တန်မုန်းလပြည့်နေ့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ကန်သာယာရပ်ကွက်လုံးဆိုင်ရာ  ဆွမ်းဆန်စိမ်းနှင့်စာရေးတံမဲများ လောင်းလှူခြင်းတို့ကိုလည်း ယခုနှစ်တွင် (၂၆)ကြိမ်မြောက်အဖြစ်  စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းလည်းသိရသည်။

ထူးနောင် ဘီးလင်း (ပြန်/ဆက်)