စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး၌ သာမညဖလ အခါတော်နေ့ (တန်ဆောင်မုန်းလပြည့်နေ့)တွင် ဆီမီးတစ်သောင်းပူဇော်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲကျင်းပ

စစ်တွေ     နိုဝင်ဘာ ၈

တန်ဆောင်မုန်းလပြည့် သာမညဖလ အခါတော်နေ့တွင်  စစ်တွေမြို့၊ လောကာနန္ဒာစေတီတော် မြတ်ကြီး၌ ဆီမီးတစ်သောင်းပူဇော်ပွဲ၊ မီးပုံးပျံလွှတ်တင် ပူဇော်ပွဲနှင့် စတုဒိသာကျွေးမွေးခြင်းတို့ကို ယမန်နေ့ညနေပိုင်းက စေတီတော်မြတ်ကြီးရင်ပြင်၌ ကျင်းပရာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊  လူမှုရေးအသင်းအဖွဲ့များတက်ရောက်ကြပြီး ရင်ပြင်တော်အတွင်း ဘုရားဖူးဧည့်သည်များဖြင့် အထူးစည်ကားလျက်ရှိသည်။

လောကာနန္ဒာ စေတီတော်တွင်  တိုင်းမှူးနှင့်ပြည်နယ်ဝန်ကြီးမျာက ဦးဆောင်ကာ စေတီတော် ရင်ပြင်၌ ကျင်းပသော ဆီမီးတစ်သောင်း ပူဇော်ပွဲအား စတင်ဆီမီးထွန်းညှိပူဇော်ကြပြီး ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဘုရားဖူးလာပြည်သူများက ဆီမီးထွန်းညှိပူဇော်ကြကာ  ဌာနဆိုင်ရာအလိုက် စတုဒိသာ အလှူအဖြစ် ကျွေးမွေးနေမှုအား သွားရောက်ကြည့်ရှု အားပေးကြသည်။

လောကာနန္ဒာစေတီတော်မြတ်ကြီးတွင် ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ဌာနဆိုင်ရာ(၂၀) ကျော်မှ ဝန်ထမ်းများက စတုဒိသာအဖြစ် ဖာလူဒါ၊ ရေခဲမုန့်၊ အချိုရည်၊ ငှက်ပျောရွှေကြည်၊ စမူဆာ၊ ပဲပလာတာ၊ ကောက်ညှင်းပေါင်း အကြော်၊ ကြာဆံကြော်၊ ချောကလက်၊ ပေါင်မုန့်နှင့်ရေသန့်တို့ကို ကျွေးမွေးခဲ့ပြီး မီးပုံးပျံအလုံး(၂၀၀) ကျော်အား လွှတ်တင်ခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)