သထုံ နိုဝင်ဘာ ၈
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် တန်ဆောင်မုန်းလပြည့်(သာမညဖလအခါတော်နေ့)၌ စတုဒီသာလှူဒါန်းကျွေးမွေးသူများပြားပြီး ပြည်သူများပျော်ရွှင်အေးချမ်းစွာဖြင့် ကုသိုလ်ဒါနပြုခဲ့ကြကြောင်း သိရသည်။
သထုံမြို့နယ်အတွင်းရှိ သထုံမြိုနှင့်သုဝဏ္ဏဝတီမြို့တို့၏ ရပ်ကွက်အသီးသီးတို့တွင် တစ်ဦးချင်းနှင့်အဖွဲ့အလိုက် မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ အကြော်စုံ၊ ထမင်းနှင့် သီးစုံပဲဟင်းစသည့် ရိုးရာစားသောက်ဖွယ်ရာမျိုးစုံတို့ကို နေရာအနှံ့အပြား၌ တန်ဆောင်မုန်းလပြည့်နေ့အလှူအဖြစ် ကျွေးမွေးလှူဒါန်းကြရာ ပြည်သူအများအပြားတို့ ပျော်ရွှင်စွာလာရောက်စားသောက်ခဲ့ကြသည်။
တန်မုန်းလပြည့်နေ့တွင် နှစ်စဉ်မြို့၏ကျက်သရေဆောင် လေးဆူဓာတ်စံရွှေစာရံစေတီတော်မြတ်ကြီး၌ ရွှေကြာသင်္ကန်းတော်များ ဆက်ကပ်လှူဒါန်းခြင်း၊ သံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် စာရေးတံမဲများလောင်းလှူခြင်းတို့ကို စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိသော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အဆိုပါပွဲတော်များကို ယခုနှစ်အထိ ကျင်းပနိုင်ခြင်းမရှိဘဲ သထုံမြို့ရှိ တန်ခိုးကြီးဘုရားများ၌ ရေသပ္ပါယ်ခြင်း၊ ပန်း၊ ဆီမီး အမွှေးနံသာများကပ်လှူခြင်း၊ ဇီဝိတဒါနငါးလွှတ်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၌ ဥပုသ်သီလဆောက်တည်ခြင်းတို့ဖြင့် အေးချမ်းစွာကုသိုလ်ကောင်းမှုပြုကြပြီး မိမိနေအိမ်ခြံဝန်းအတွင်း၌ စတုဒီသာကျွေးမွေးလှူဒါန်းကြလျက်ရှိကြောင်း တွေ့ရသည်။
နဒီ(ပြန်/ဆက်)