မဟာအောင်မြေမြို့နယ် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များမှာ တာဝန်ထမ်းဆောင်ခဲ့သော ရပ်ကွက်စာရေးများအား ထောက်ပံ့ကြေးများပေးအပ်

မန္တလေး စက်တင်ဘာ ၁၈

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင်ရှိသော ရပ်ကွက် (၁၈)ရပ်ကွက်၌ တာဝန်ထမ်းဆောင်လျက်ရှိသော အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်စာရေးများအား စနေနေ့နှင့် တနင်္ဂနွေ တရားဝင်ရုံးပိတ်ရက်များတွင် ရုံးတက်တာဝန်ထမ်းဆောင်ခဲ့သည့်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ကာလအတွက် ထောက်ပံ့ကြေးငွေများကို ယနေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ရပ်ကွက်စာရေးများ ထောက်ပံ့ကြေးပေးအပ်ရာတွင် မဟာအောင်မြေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက ထောက်ပံ့ကြေးငွေများ ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ရှင်းလင်းပြောကြားကာ သြဂုတ်လနှင့် စက်တင်ဘာလတို့တွင် ကျရောက်ခဲ့သည့် စနေ၊ တနင်္ဂနွေနေ့များမှာ ရုံးတက်တာဝန်ထမ်း ဆောင်ခဲ့သည့် ရပ်ကွက် (၁၈)ရပ်ကွက်မှ စာရေး (၁၈)ဦးအား အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်)က တစ်ရက်လျှင် ၄၈၀၀ကျပ်နှုန်းဖြင့် (၁၉)ရက်စာ (၉၁၂၀၀) ကျပ် အား ဝန်ထမ်းတစ်ဦးချင်းစီထံ ပေးအပ်ခဲ့ပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ဝန်ထမ်းများစိတ်ဓါတ်ခွန်အား တိုးတက်မြင့်မားရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး၏ အစီအစဉ်ဖြင့်လည်း ကြက်ဥ အလုံး (၃၀)စီ၊ Mask (၁)ဗူးစီနှင့် Face shield တစ်ခုစီတို့ကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်