မန့်ဟီးရိုးမြို့တွင် အကြိမ်(၂၀)မြောက် စုပေါင်းမဟာဘုံကထိန်ပွဲကြီး စည်ကားသိုက်မြိုက်စွာကျင်းပ

မန့်ဟီးရိုး နိုဝင်ဘာ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးသက်ထွန်းအောင်မှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ အခြေခံပညာရေးကျောင်းများနှင့် ရပ်ဝေးရပ်နီးမှအလှူရှင်များစုပေါင်းပြီး အကြိမ်(၂၀)မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကြီးအား (၆.၁၁.၂၀၂၂)ရက်နေ့တွင် မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အခြေခံပညာရေးကျောင်းများမှ ကျောင်းသား/ကျောင်းသူများနှင့် ရပ်ဝေးရပ်နီးမှ အလှူရှင်အသင်းအဖွဲ့များက ငွေပဒေသာပင်များကို မြို့ပေါ်(၃)ရပ်ကွက်လုံး တိုင်းရင်းသားရိုးရာ ရှမ်းအိုးစည်များတီးခတ်၍ စီတန်းလှည့်လည်ခဲ့ကြသည်။ ထို့အပြင် (၇-၁၁-၂၀၂၂)ရက်နေ့တွင် နောင်မွန်းဘုန်းကြီးကျောင်းနှင့် မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း(၁၅)ကျောင်းမှ ဘုန်းတော်ကြီးများ၊ သံဃာတော်များကို မြို့နယ်ဌာနဆိုင်ရာရုံးဝန်းအတွင်းပင့်ဖိတ်၍ ရေစက်ချတရားတော်နာယူခဲ့ကြပြီး ကထိန်သင်္ကန်းများနှင့် စုပေါင်းလှူဒါန်းငွေ (၅၁၆၂၀၀၀)ကျပ်ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

ဆက်ပိုင်(မန့်ဟီးရိုး)