ရွေးကောက်ပွဲဆိုင်ရာစွမ်းရည်မြှင့်သင်တန်း တက်ရောက်ပြီးသူများက သင်တန်းမတက်ရသေးသူများအား ပြန်လည်မျှဝေဆွေးနွေးခြင်းများ ဆောင်ရွက်

မန္တလေး၊ စက်တင်ဘာ ၁၈

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းတက်ရောက်ပြီးသူ များက သင်တန်းမတက်ရသေးသူများအား ပြန်လည်မျှဝေဆွေးနွေးခြင်းကို စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းကစတင်၍ သက်ဆိုင်ရာရပ်ကွက်များအလိုက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အောင်မြေသာစံမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာစွမ်းရည်မြှင့်သင်တန်းကို စက်တင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်တစ်ဦးစီ တို့ပါဝင်သော တစ်ရပ်ကွက်လျှင် (၃) ဦးနှုန်းဖြင့်  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ကြီးမှူး၍  ဖွင့်လှစ်ပို့ချပေးခဲ့ပြီး ဖြစ်သည်။

ယခုအခါ အဆိုပါသင်တန်းသို့ တက်ရောက်ပြီးသူများက ဦးဆောင်၍ သင်တန်းတက်ရောက်ရန် ကျန်ရှိသူများဖြစ်သည့် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များကို  သင်တန်းတွင် ပို့ချခဲ့သော ဘာသာရပ်များအား ပြန်လည်မျှဝေဆွေးနွေးခြင်းများကို သက်ဆိုင်ရာရပ်ကွက်များအလိုက် ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)