မော်လမြိုင်မြို့တွင် တန်ဆောင်မုန်းလပြည့်နေ့၌ ဆွမ်းအိုးမျှောကပ်လှူပွဲနှင့် စတုဒိသာများကျွေးမွေး

မော်လမြိုင် နိုဝင်ဘာ ၇

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများ၏ ဗုဒ္ဓပူဇနိယပွဲတော်များကို နှစ်စဉ် အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိရာ ဝါလကင်းလွတ် သီတင်းကျွတ်မီးထွန်းပွဲတော်အပါအဝင် တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့)မတိုင်မီ အဖိတ်နေ့နှင့် လပြည့်နေ့တို့တွင် ဆီမီးများထွန်းညှိပူဇော်ခြင်း၊ နံနက်အရုဏ်တက်ချိန် ရှင်ဥပဂုတ္တမထေရ်မြတ်အား ဆွမ်းအိုးမျှောကပ်လှူပူဇော်ခြင်းနှင့် မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့တစ်ခုဖြစ်သည့်အခါ ကြီးရက်ကြီးတွင် ဘုရားဖူးပြည်သူများ၊ ခရီးသွားပြည်သူများ အာဟာရဒါနစတုဒိသာများဖြင့် ရပ်ကွက်နှင့် ကျေးရွာလမ်းများတွင် ဧည့်ခံ ကျွေးမွေးခြင်းဖြင့် ကုသိုလ်ယူခဲ့ကြသည်။

ပြည်သူများ စိတ်နှလုံးအေးချမ်းစွာဖြင့် ကုသိုလ်ယူနိုင်ကြစေရန်ရည်ရွယ်၍ တန်ခိုးကြီးဘုရားများဖြစ်သည့် ကျိုက်သလံစေတီတော်၊ ဦးဇိနစေတီတော်၊ မဟာမြတ်မုနိဘုရားအပါအ၀င် အစရှိသည့် ဘုရား၊ ပုထိုး၊ စေတီများတွင် ကျန်းမာရေးဝန်ကြီး ဌာန၏ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ပေးထားပြီးဖြစ်ရာ ရပ်နီးရပ်ဝေးမှ ရဟန်းရှင်လူပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်၍ ကုသိုလ်ဘာဝနာတရား ပွားများနာယူလျက်ရှိကြောင်း သိရသည်။

ခင်စန်းမြင့်