ထန်းတပင်(ရန်ကုန်) နိုဝင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ မြသိန်းတန် ဘုရားကြီးကျောင်းတိုက်တွင် ကိန်းဝပ်စံပယ်တော်မူသော မြသိန်းတန် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ရဟန္တာအရှင်မြတ်တို့ မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီကြွချီအပူဇော်ခံယူပွဲကို နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လျက်ရှိပြီး နိုဝင်ဘာလ(၆)ရက်နေ့ (တန်ဆောင်မုန်းလဆန်း (၁၄)ရက်နေ့) နံနက်ပိုင်းမှစတင်၍လည်း (၁၅၉) ကြိမ်မြောက်အဖြစ် မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီကြွချီ အပူဇော်ခံယူပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီကြွချီအပူဇော်ခံယူပွဲကို နှစ်စဉ် တန်ဆောင်မုန်းလဆန်း(၁၄)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်ကျော် (၁)ရက်နေ့ အထိ (၃)ရက်တိုင်တိုင် ကျင်းပပြုလုပ်လျက်ရှိပြီး နိုဝင်ဘာ(၆)ရက်နေ့ တန်ဆောင်မုန်းလဆန်း (၁၄) ရက်နေ့ ဒေသစာရီကြွချီ အပူဇော်ခံရာ လမ်းတစ်လျှောက်တွင် သက်ဆိုင်ရာရပ်ကွက်များအလိုက် ရပ်ကွက်နေပြည်သူများမှ ဆီးမီး၊ ပန်း၊ ရေချမ်း၊ အမွှေးနံသာများ ထွန်းညှိပူဇော်ခြင်း၊ သစ်သီးများနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထို့အပြင် စေတနာအလှူရှင်များက ကုသိုလ်ဒါနအဖြစ် အချိုရည်များ၊ မုန့်များ၊ စတုဒိသာအာဟာရကျွေးမွေး လှူဒါန်းလျက်ရှိသလို ဒေသစာရီကြွချီ အပူဇော်ခံရာ လမ်းတလျှောက်တွင်လည်း ဂေါပကအဖွဲ့ဝင်များနှင့် လူငယ်အဖွဲ့များက လိုက်ပါကုသိုလ်ယူ ဆောက်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)