ကျိုက်ထိုမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် သင်တန်း ဖွင့်လှစ်

ကျိုက်ထို စက်တင်ဘာ ၁၈


ကျိုက်ထိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် သင်တန်း ကို ယမန်နေ့ နံနက်၉နာရီတွင် ကျိုက်ထိုမြို့နယ် သာသနာ့ဗိမာန်၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းတွင် သထုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးယုကြိုင်က ရွေးကောက်ပွဲနှင့် ပတ်သက်၍ အငြင်းပွားမှု ဆိုင်ရာများ စေ့စပ်ညှိနှိုင်း ရေးဆိုင်ရာများနှင့် ကန့်ကွက်လွှာ တင်သွင်းခြင်း အကြောင်းကိုလည်းကောင်း၊ မြို့နယ်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ငွေက ရွေးကောက်ပွဲ ဥပဒေနှင့် နည်းဥပဒေများအကြောင်းကိုလည်းကောင်း၊ မြို့နယ်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်သိမ့်သိမ့်သူက ရပ်ကွက်/ ကျေးရွာ ကော်မရှင် အဖွဲ့ခွဲ၏ အခန်းကဏ္ဍနှင့် လုပ်ငန်းလမ်းညွှန် အကြောင်းကို လည်းကောင်း၊ အဖွဲ့ဝင် ဦးသန်းဖေက မဲဆန္ဒရှင်စာရင်းပြုစုခြင်း အကြောင်းကို လည်းကောင်း၊ အဖွဲ့ဝင် ဒေါ်မြင့်မြင့်သန်း က နိုင်ငံရေးပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ ကျင့် ဝတ်များအကြောင်း ကိုလည်းကောင်း အသီးသီးသင်ကြားပို့ချခဲ့သည်။
အဆိုပါ သင်တန်းကိုကျိုက်ထိုမြို့နယ် အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စု(၄၃)အုပ်စုမှ ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ(၄၃)ဦးနှင့် အတွင်းရေးမှူး(၄၃)ဦး စုစုပေါင်း(၈၆) ဦးတို့အား မဲဆန္ဒနယ်မြေ အလိုက် အဖွဲ့ (၄)ဖွဲ့ခွဲ၍ အလှည့်ကျ စနစ်ဖြင့် သင်တန်းအားနံနက်(၉)နာရီမှညနေ (၄ )နာရီထိ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
ဝင်းမောင်(ကျိုက်ထို)