ပြင်ဦးလွင် နိုဝင်ဘာ ၆
၂၀၂၂ ခုနှစ်၊ (၁၆) ကြိမ်မြောက် ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ ၄ ရက်နေ့မှ စတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ယနေ့တွင် ပွဲကျင်းပရာ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး (ပြည်ချစ်ဘုရား) အနီးအရှိ မီးပုံးပျံကွင်းအတွင်း၌ နေ့အရုပ်လှ မီးပုံးပျံ ၁၁ လုံး ဝင်ရောက်ယှဉ်ပြိုင် လွှတ်တင်ခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော် တတိယနေ့ နေ့အရုပ်လှ မီးပုံးပျံပြိုင်ပွဲတွင် နားလင်းအုပ်စုမှ ရွှေဇီးကွက်အရုပ်၊ ဟိုလိပ်ကျေးရွာမှ ရွှေလိပ်အရုပ်၊ ရပ်ကွက်ကြီး ၁၅ မှ ရွှေငါးနေ့အရုပ်လှ မီးပုံးပျံအုပ်စု ၊ ရပ်ကွက်ကြီး ၅ မှ ရွှေဂျိုးဖြူအရုပ်၊ ရပ်ကွက်ကြီး ၁၃ မှ ဆင်ဖြူတော်အရုပ်၊ နယ်မြေ၃ သုံးတောင်မှ ရွှေမိုးမီး အမည်ဖြင့် ပန်ဒါအုပ်စုအရုပ်၊ ရပ်ကွက်ကြီး ၁ မှရွှေငါးရုပ်၊ နယ်မြေ၃ မှ နက္ခတ်ပန်း ကမ္ဘာလိပ်အရုပ်၊ ပြင်ဦးလွင်ရှေ့နေများအသင်းမှ ဓမ္မရက္ခိတမီး ပန်ဒါ (အုပ်စု) နေ့အလှရုပ်မီးပုံး၊ မန္တလေးမြို့ ဒေါက်တာရဲမီး နိုင်တင်ဂေးလ်ငှက် အရုပ်၊ နယ်မြေ ၁ နောင်လှိုင်မှ ရွှေငါးနေ့အရုပ်လှမီးပုံပျံများဖြင့် စည်စည်ကားကား ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ထို့အပြင် ယခုနှစ် ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော်အတွင်း ကျောက်ဆည်မြို့၏ ဆင်အက အဖွဲ့များ၊ မန္တလေးမြို့ ကျက်သရေဆောင် မြို့မတူရိယာအဖွဲ့များဖြင့်ဧည့်ခံဖျော်ဖြေခြင်း အစီအစဉ်များလည်း ထည့်သွင်းထားပြီး နိုဝင်ဘာလ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ နေ့စဉ်နံနက်(၈)နာရီမှ စတင်ကာ ဘောလီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဖူဆယ်ဘောလုံး ပြိုင်ပွဲနှင့် ရိုးရာခြင်းအလှခတ်ပြိုင်ပွဲများကိုပါ ထည့်သွင်း ကျင်းပပြုလုပ် သွားမည်ဖြစ်သည့်အပြင် မသိုးသင်္ကန်း ရက်ကန်းခတ်ပူဇော်ကာ တန်ဆောင်မုန်းလပြည့်နေ့တွင် မဟာအံ့ထူး ကံသာ မြတ်စွာဘုရားကြီးအား ကပ်လှူပူဇော်သွားမည်ဟု သိရသည့်အပြင် ညပိုင်း၌လည်းဆီမီး ၉၀၀၀ ထွန်းညှိပူဇော် သွားမည်ဟု သိရသည်။
ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော်ကို ၂၀၀၅ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး ၂၀၂၀နှင့် ၂၀၂၁ ခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေးအတွက် (၂)နှစ်နားခဲ့ပြီး ယခုနှစ် ၂၀၂၂ ခုနှစ်တွင် (၁၆) ကြိမ်မြောက်အဖြစ် စည်ကားသိုက်မြိုက်စွာပြန်လည်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)