ညောင်ရွှေ နိုဝင်ဘာ ၆
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့အတွင်း ကျေးဇူးရှင်မိုင်းဖုန်းဆရာတော်ဘုရားကြီး၏ ဩဝါဒလမ်းညွှန်မှုဖြင့် အသစ်ပြန်လည်ပြုပြင်ကိုးကွယ်သည့် ရွှေတောင်ဦးစုမ့်မိန်း ဓမ္မစေတီတော်မြတ်ကြီးတွင် တင်လှူပူဇော်မည့် ရတနာစိန်ဖူးတော်၊ ငှက်မျက်နားတော်၊ ရွှေထီးတော်နှင့် အရန်ထီးတော်များ ဒေသခံတိုင်းရင်းသားပြည်သူများ ဖူးမြှော်ကြည်ညို သဒ္ဒါပွားများနိုင်စေရန်အတွက် မြို့အတွင်း လှည့်လည်အပူဇော်ခံကြွချီခြင်းကို နိုဝင်ဘာ (၅) ရက် မွန်းလွဲ (၂) နာရီက ပြုလုပ်ခဲ့သည်။
ရွှေထီးတော်များ လှည့်လည်အပူဇော်ခံရာတွင် ရှေးဦးစွာ ရွှေတောင်ဦးစုမ့်မိန်းဓမ္မစေတီတော် ရွှေထီးတော်ယာယီစံကျောင်းမှ ရတနာစိန်ဖူးတော်၊ ငှက်မျက်နားတော်၊ ရွှေထီးတော်နှင့် အရန်ထီးတော်များကို တာဝန်ရှိဂေါပကပုဂ္ဂိုလ်များက မော်တော်ယာဉ်ပေါ်သို့ ပင့်ဆောင်ခဲ့ကြပြီး ဒေဝါဝင်း၊ ရာဇာဝင်းများခင်းလျက် တိုင်းရင်းသားရိုးရာတီးဝိုင်းများဖြင့် မြို့အတွင်းလှည့်လည်အပူဇော်ခံခဲ့ကြောင်းနှင့် ကျေးဇူးရှင်မိုင်းဖုန်းဆရာတော်ဘုရားကြီးကြွချီ၍ ရွှေထီးတော်တင်လှူပူဇော်ပွဲကြီးကို (၁၃၄၈-ခု၊ တန်ဆောင်မုန်းလပြည့်နေ့၊ တနင်္လာနေ့) နိုဝင်ဘာလ (၇) ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းအယ်ဘဲ