မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ဘုရားဖူးများ စည်ကားသိုက်မြိုက်စွာဖူးမြှော်

မဟာအောင်မြေ နိုဝင်ဘာ ၆

မန္တလေးတိုင်ဒေသကြီး၊ မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

"ကျွန်တော်တို့က ရွာကနေလာပြီး ဘုရားဖူးကြတာပါ၊ မိသားစုတွေနဲ့ ကားငှားပြီး မန္တလေးမြို့ပေါ် အထင်ကရ တန်းခိုးကြီးဘုရားတွေအစုံ လှည့်လည်ဖူးမြှော်ရင်း မဟာမုနိဘုရားကြီးကို ဝင်ရောက်ဖူးမြှော်တာပါ၊ အခုတစ်ကြိမ်ဖူးမြှော်ရတာ ပျော်စရာကောင်းပါတယ်၊ တန်ဆောင်မုန်းလပြည့်နေ့နဲ့လည်တိုက်တော့ ဘုရားကြီးမှာ မသိုးမြတ်သင်္ကန်းရက်လုပ် လှူဒါန်းပွဲလည်ကြည့်ရတယ်၊ မသိုးမြတ်သင်္ကန်း ရက်လုပ်လှူဒါန်းတာဟာ အနယ်နယ်အရပ်ရပ်က‌ မသိုးမြတ်သင်္ကန်းရက်လုပ်တဲ့ စေတနာ့ရှင်တွေ၊ တိုင်းရင်းသားတွေလည်းပါတယ်၊ ကိုယ်တိုင်ရက်လုပ်ပြသနေတာမြင်တော့ စိတ်ထဲပီတိဖြစ်မိတယ်၊ မြန်မာ့ရှေးရိုးအစဉ်အလာ အမွေအနှစ်ကိုလည်း ပြသရာ ရောက်တယ်လေ၊ မသိုးမြတ်သင်္ကန်းရက်လုပ်တာကို မမြင်ဘူးတော့ ကလေးတွေကလည်း အထူးဆန်း‌ဖြစ်နေတာလေ၊ ဘာပဲပြောပြော အေးအေးချမ်းချမ်းနဲ့ ဘုရားဖူး သွားလာခွင့်ရတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်" ဟု ဘုရားဖူး ပြည်သူတစ်ဦးမှ ပြောပြ၍ သိရသည်။

ဘုရားဖူးပြည်သူတွေကို ကိုဗစ် - ၁၉ ရောဂါကာကွယ်နိုင်စေရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ ဘုရားအကျိုးတော်ဆောင်အဖွဲ့မှ စနစ်တကျ လိုက်လံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်ဇော်မင်း