မိုးနဲ နိုဝင်ဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ (၁၁)ကြိမ်မြောက် ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန် လှည့်လည်ပူဇော်ပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မိုးနဲမြို့ ဟော်ဝင်းစုရပ်နေရာမှ မြို့တွင်းတစ်ပတ် စည်ကားသိုက်မြိုက်စွာ လှည့်လည်ပူဇော်ခဲ့ကြောင်း သိရသည်။
ထိုသို့ လှည့်လည်အပူဇော်ခံရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်မြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများ၊ မြို့ပေါ် ၅ ရပ်ကွက်နေ ပြည်သူများက အိုးစည် /ဗုံ မောင်းများနှင့် စီတန်းလှည့်လည် အပူဇော်ခံခဲ့ကြပြီး ကထိန်ပွဲ ကျင်းပမည့် သမိုင်းဝင် ဒေဝီ(၁၂)ပါးဂူ ကျောင်းတိုက်သို့ ပင့်ဆောင်အပူဇော်ခံထားရှိကြောင်း သိရသည်။
ဆက်လက်၍ နိုဝင်ဘာ ၆ ရက်နေ့ နံနက်ပိုင်းတွင် ပင့်သံဃာတော်များအား ဆွမ်း ဆက်ကပ်ခြင်း ၊ ဧည့်ပရိတ်သတ်များအား ဧည့်ခံကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး မွန်းတည့် ၁၂ နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့မိမြို့ဖများ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက နမောတဿ(၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြို့နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော်ထံမှ ဩဝါဒခံယူခြင်း၊ သံဃာတော်များဟောကြားတော် မူသော တရားတော်များအား နာယူခြင်း၊ ကြွရောက်တော်မူလာကြသော သံဃာတော် အရှင်သူမြတ်များအား ကထိန်ဉာတ်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း၊ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်သံဃနာယကဆရာတော်ထံမှ ကထိန်ဉာတ်သင်္ကန်းနှင့် ကထိန်အနုမောဒန တရားတော်နာယူ၍ ရေစက်သွန်းချအမျှပေး ဝေခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးကျင်းပသည့် ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ စုပေါင်းကျင်းပသည့် (၁၁)ကြိမ်မြောက် မဟာဘုံကထိန်ပွဲ ဆက်ကပ် လှူဒါန်းရာတွင် ငွေသားတန်ဖိုးနှင့် အလှူပစ္စည်း တန်ဖိုးစုစုပေါင်း ငွေကျပ်(၇၅၈၀၂၀၀) အားလှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)