ကျိုက်မရော နိုဝင်ဘာ ၆
မြန်မာလူမျိုးတို့၏ ဘာသာတရား ကိုင်းရှိုင်းမှု ၊ယဥ်ကျေးသိမ့်မွေ့မှုနှင့် စေတနာ သဒ္ဒါတရား ထက်သန်မှုကို ဖော်ညွှန်းပြသသည့်ပွဲတော် တစ်ခုဖြစ်သော တန်ဆောင်မုန်းလပြည့်နေ့မတိုင်မီ နှစ်စဉ် ရိုးရာမပျက် ကထိန်လျာ မြတ်သင်္ကန်း မသိုးသင်္ကန်း ရက်လုပ်လှူဒါန်း ပူဇော်ပွဲကြီးကို နိုဝင်ဘာ ၆ ရက်နေ့ တန်ဆောင်မုန်းလဆန်း ၁၄ ရက် ည ၇နာရီ အချိန်မှစတင်ကာ ကျိုက် မရောမြို့ ဆုတောင်းပြည့်ဘုရား ကြီးဝင်းအတွင်းရှိ မဏ္ဍပ်အတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မသိုးမြတ်သင်္ကန်း ရက်လုပ်လှူဒါန်းပြီး ဘုရားကြီးအား မသိုးသင်္ကန်း ဆက်ကပ် ပွဲကို တန်ဆောင်မုန်းလပြည့် နေ့နံနက် ၅ နာရီ အချိန်တွင် ဆက်ကပ်ပူဇော်မည်ဖြစ်သည်။
မွန်ပြည်နယ်၊ကျိုက်မရော မြို့၏ ကျက်သရေဆောင် သမိုင်းဝင်တန်ခိုးကြီး ဘုရားတစ်ဆူ ဖြစ်သော ဆုတောင်းပြည့် ဘုရားကြီး၏ မသိုးမြတ်သင်္ကန်း ရက်လုပ်လှူဒါန်း ပူဇော်ပွဲတော်ကို နှစ်စဥ် နှစ်တိုင်း ရိုးရာမပျက် ထိန်းသိမ်းရက်လုပ် လှူဒါန်း ပူဇော်ခဲ့သည်မှာ ယခုနှစ်တွင် အကြိမ် (၂၀)မြောက် ပြည့်ခဲ့ပြီး ဖြစ်ကြောင်း၊မသိုးမြတ်သင်္ကန်း ရက်လုပ်ပူဇော်ပွဲကို ဆုတောင်းပြည့် ဘုရားကြီး၏ နာယကဆရာတော် ဘုရားကြီး၏ ဦးဆောင်မှုဖြင့် ရပ်ဝေးရပ်နီးမှ အလှူရှင်တပည့် ဒါယိကာ၊ ဒါယိကာမများကစုပေါင်း လှူဒါန်းမှုဖြင့် ရက်ကန်းစင်ပေါင်း (၈) စင်ဖြင့် နံနက် အာရုဏ်တက်ချိန်ထိ ရက်ကန်းသမများက ရက်လုပ်လှူဒါန်း ပူဇော်သွားကြမည်ဖြစ်ကြောင်း မသိုးသင်္ကန်းရက်ပွဲတော် ကျင်းပရေး ကော်မတီမှ တာဝန်ရှိသူထံမှ သိရသည်။
ချို မြတ်မြတ်ထွေး(ပြန်/ဆက်)