ဘီးလင်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအား ရွေးကောက်ပွဲ ဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်

ဘီးလင်း စက်တင်ဘာ ၁၈

သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ များအား ရွေးကောက်ပွဲဆိုင်ရာဆင့်ပွားပညာပေးသင်တန်းကို ယမန်နေ့နံနက် (၉)နာရီက မြို့နယ်သာသနာ့ဗိမာန်တော်၌ ပြုလုပ်ကြောင်းသိရသည်။

အဆိုပါသင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်က အဖွင့် အမှာ စကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဖြိုးထက်ကိုက  ရွေးကောက်ပွဲနှင့် ပက်သက်သည့် ရပ်ကွက်၊ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ဒုတိယအကြိမ် (နောက်ဆုံးအကြိမ်) မဲစာရင်း ကပ်ထားကြေညာစဉ် လိုက်နာဆောင်ရွက်ခြင်း၊ ကြိုတင်မဲပေးခြင်း ဆိုင်ရာများ၊ မဲပေးသည့်နေ့တွင် ဆောင်ရွက်ရမည့် အချက်များ၊ မဲရုံကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် နည်းလမ်းများကို projector ဖြင့်သင်ကြား ပို့ချခဲ့သည်။

အဆိုပါ ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းကို ကျန်းမာရေးဝန်ကြီးဌာ၏ လမ်းညွှန်ချက်နှင့် အညီ ရပ်ကွက်၊ ကျေးရွာ ၅၅ အုပ်စုအား နံနက် ၉ နာရီမှ ၁၂ ထိ တစ်အုပ်စုမွန်းလွဲ ၁ နာရီမှညနေ ၄ နာရီ အထိ တစ်အုပ်စု ဖြင့်အုပ်စု နှစ်အုပ်စု ခွဲကာ သင်ကြားပို့ချ ပေးလျှက်ရှိကြောင်းသိရသည်။

ထူးနောင်(ပြန်/ဆက်)