မောင်တော နိုဝင်ဘာ ၆
ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ၊မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ ဒုတိယအကြိမ် စုပေါင်းမဟာဘုံကထိန် အလှူတော်ကို ယနေ့နံနက် ၇ နာရီအချိန် သီရီမင်္ဂလာခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသော ဆရာတော် သံဃာတော်များ၊ အမှတ်(၁၅) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးချုပ် သူရိန်ထွန်း ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦး နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြသည်။ ထို့နောက် မောင်တောမြို့ (၃)မိုင်ပရဟိတ နှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၊မြို့နယ်သံဃနာယက အကျိုးတော်ဆောင် ၊ဆရာတော် ဘန္ဒန္တစန္ဒာသီရိ အရှင် သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာ တော် အရှင်သူမြတ်များက မေတ္တသုတ် အစရှိသော ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည်။
ယင်းနောက် ဆရာတော် သံဃာတော် အရှင်သူမြတ်များအား အမှတ်(၁၅) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှ ဗိုလ်မှူးချုပ် သူရိန်ထွန်း ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦး နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များမှ ဆရာတော် သံဃာတော်များထံ ကထိန်လျာသင်္ကန်းများနှင့်တကွ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဘူးသီးတောင်မြို့ ၊ မြစိမ်းရောင်ကျောင်း၊ ဒေါ်သုမာလာစာရီထံ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် ဇနီး ဒေါ်ခင်စန္ဒာဝင်း (ခင်စန္ဒာ စိန်ရွှေရတနာ ဆိုင် နှင့် စန္ဒာပိုး ထည် တိုက်)မိသားစုမှ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့သည်။ ထို့နောက် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များ လှူဒါန်းကြသည့် ပဒေသာပင်များကို မောင်တောမြို့နယ်အတွင်းရှိ ကထိန်မရရှိသေးသော ဘုန်းတော်ကြီး ကျောင်းများသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဦးဆောင်၍ မဲဖောက် ဆက်ကပ် လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ အောင်မြေ ဗောဓိသာသနာ့ရိပ်သာ (အလိုတော်ပြည့်) ကျောင်း ၊ မြို့နယ် သံဃနာယကအဖွဲ့ဝင်၊ ဆရာတော် ဘဒ္ဒန္တမဏိသာရ (မဟာသဒ္ဓမ္မ ဇောတိ ကဓဇ) အရှင် သူမြတ်ထံမှ ဧည့်ပရိတ်သတ်များက ကထိန် အနုမောဒနာ တရားနာယူကာ လှူဒါန်းမှု အစုစုအတွက် ရေစက် သွန်းချ အမျှပေးဝေခဲ့သည်။ ယင်းနောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဠတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုတ်သိမ်းကြပြီး ဒုတိယအကြိမ်မြောက် စုပေါင်း မဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အောင်မြင်သည့် အထိမ်းအမှတ်အဖြစ် ရတနာ ရွှေမိုး ၊ငွေမိုးများ ရွာသွန်းဖြိုးခဲ့သည်။
အဆိုပါ ကထိန်အလှူတော်မင်္ဂလာပွဲတွင် လှူဒါန်းသည့် ပဒေသာပင်(၃၂)ပင်ရှိ ပစ္စည်းတန်ဖိုးမှာ (၇၆၈၇၉၀၀)ကျပ်နှင့် ငွေသားတန်ဖိုးမှာ (၁၃၁၅၆၄၀၀)ကျပ်ဖြစ်ပြီး စုစုပေါင်း တန်ဖိုးမှာ (၂၀၈၄၄၃၀၀) ကျပ်တိတိ ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန်(ပြန်/ဆက်)