ဘူးသီးတောင် နိုဝင်ဘာ ၆
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၂) ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ ကြီးမှူးကျင်းပ၍ (၃၅)ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန်အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်(၉)နာရီ အချိန်က ရွာမ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို ပင့်ဖိတ်ထားသော သံဃာတော်များနှင့် တရားနာပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွက်ဆိုကန်တော့ပြီး ရွာမကျောင်းဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက် တည်ကြသည်။ ယင်းနောက် အ.ထ.က-၂ ကျောင်းအုပ် ဆရာကြီးဦးစိန်ထွန်း၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္တုများကို ရွာမကျောင်း ဆရာတော်ကြီးနှင့် ပင့်ဖိတ်ထားသော သံဃာတော်များအား ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ရွာမကျောင်းဆရာတော်ကြီးမှ ကထိန်အနုမောဒနာ တရားနာကြားကြ၍ လှူဒါန်းမှု ကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ စုပေါင်းမဟာဘုံကထိန် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းပြီး ရတနာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းပေးကာ ပင့်ဖိတ်ထားသော သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းပေးပြီး ကြွရောက်လာသော တရားနာဧည့်ပရိတ်များကို ဆွမ်းဘောဇဉ်အဟာရများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
လှကျော် (ပြန်/ဆက်)