ဆီဆိုင်မြို့၌ (၂၆)ကြိမ်မြောက် ဌာနဆိုင်ရာစုပေါင်း မဟာဘုံကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

ဆီဆိုင် နိုဝင်ဘာ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော (၂၆) ကြိမ်မြောက် ဌာနဆိုင်ရာ စုပေါင်း မဟာဘုံကထိန်ပွဲတော်ကို ယမန်နေ့နံနက် ၈ နာရီခွဲက စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

စုပေါင်း မဟာဘုံကထိန်ပွဲတော် ပဒေသာပင်များအား ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှ မြို့မစျေးတစ်ပတ် လှည့်လည်ပြီး ဟိုခဲရပ်ကွက်ရှိ ဥတ္တရာရုံကျောင်းတိုက်၌ ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တကေသရနှင့် သံဃာတော်များထံမှ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူလူထုတို့က ဩကာသ ကန်တော့ကျိုးဖြင့် ကန်တော့၍ ငါးပါးသီလနှင့် ပရိတ်တရားတော်များ ကို နာယူဆောက်တည်ကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံ စေတနာရှင် ပြည်သူများက ဆရာတော်၊ သံဃာတော်များအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီးနောက် ကထိန်အနုမောဒနာ တရားနာယူကာ လှူဒါန်းမှု အစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေပြီး ဆရာတော်၊ သံဃာတော်တို့အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းမဟာဘုံကထိန်ပွဲတော်တွင် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများ၊ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များမှ မိသားစု၀င်များ၊ ဒေသခံစေတနာရှင် ပြည်သူများ၏ ပဒေသာပင်(၁၉)ပင်၊ ပစ္စည်းတန်ဖိုး (၅၄၃၂၅၀၀)ကျပ်၊ ငွေသားတန်ဖိုး (၈၂၅၅၉၀၀)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၁၃၆၈၈၄၀၀)ကျပ်ကို စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)